ကချင်ပြည်နယ် ရွှေကူမြို့နယ် ၊ ပန်ခေါန်ယာန် အနီးမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်(KIA)က ဇွန်လ ၅ ရက် မနေ့က သွားရောက်ရှင်းလင်းခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က RFA ကိုပြောပါတယ်။
KIA က သွားရှင်းချိန်မှာ စစ်ကောင်စီတပ်သားတွေ စခန်းမှာ တစ်ယောက်မှ မရှိတော့ဘဲ ထွက်ပြေးသွားကြတယ်လို့လည်း ဆိုပါတယ်။
"အဲဒီတပ်စခန်းကနေ ဇွန် ၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားတွေ ထွက်သွားကြတယ်၊ KIA က ဇွန်လ ၅ ရက်နေ့မှာ သွားရောက်ရှင်းလင်း ဖို့သွားတော့ စစ်ကောင်စီဘက်က တစ်ယောက်မှ မရှိတော့ဘူး။ အဲဒါနဲ့ စခန်းကို မီးရှို့ပေးလိုက်တယ်"လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်စခန်းဟာ KIA တပ်စခန်းတွေကြားထဲမှာ ရှိနေတာကြောင့် စခန်းအတွက် ရိက္ခာသယ်မရ၊ အစားအသောက်တွေ ပြတ်တောက်လာတာကြောင့် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ တပ်သားအင်အား ၃၀ လောက်ရှိတဲ့ တပ်စခန်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပန်ခေါန်ယာန်ရွာဟာ ရွှေကူမြို့နယ် KIA တပ်မဟာ(၈) လက်အောက်ခံ တပ်ရင်း ၅ နယ်မြေမှာရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။
KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ပန်ခေါန်ယာန် စစ်ကောင်စီတပ်စခန်းကို KIA ဘက်က မီးရှို့ဖျက်စီးခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက် ဗဟိုကို ပေးပို့လာတာ မရှိသေးဘူးလို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရွှေကူမြို့နယ်မှာ အခုလို စစ်ကောင်စီ တပ်စခန်းတွေ ဆုတ်ခွာထွက်ပြေးတာ တပ်စခန်း သုံးခုအထိရှိပြီလို့လည်း ပြောပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ ဖားကန့်ကနေ ပြန်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းကို မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့အဝင်နားမှာ KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မိုးညှင်းဒေသခံတစ်ဦးက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့၊ KIA တပ်ရင်း ၃၆ နယ်တွေမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားတာတွေ ရှိနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်၊မိုးညှင်း၊ ဆွမ်ပရာဘွမ်၊ ပူတာအို၊ ရွှေကူမြို့နယ်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်းတွေမှာ အခုရက်ပိုင်း စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို KIA က မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။