KIA နဲ့ အစိုးရတပ်မတော် တိုက်ပွဲပြန်လည်ဖြစ်ပွား


2019.04.21
kia-622.jpg ကေအိုင်အေ တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုန်ဘော်ကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ KIA တပ်ရင်း ၃၆ တို့ ဒီကနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ပြောခွင့်ရသူက RFA ကို ပြောပါတယ်။

အစိုးရတပ်မတော်ရဲ့ တပ်မ ၉၉ တပ်က KIA တပ်ဌာနချုပ်ဆီ ထိုးဝင်လာလို့ ပြန်လည်ခုခံရင်း ခုလိုတိုက်ပွဲဖြစ်ပွားတာလို့ KIA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

မြေပြင်အခြေအနေကို မသိရသေးလို့ အသေးစိတ် သတင်းထုတ်ပြန်ဖို့ စောသေးတယ်လို့လည်း ပြောပါတယ်။

ဒီကနေ့မနက် တိုက်ပွဲအခြေအနေကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေးနဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို RFA က ဆက်သွယ်နေဆဲဖြစ်ပြီး အခုသတင်းထုတ်လွှင့်တဲ့အချိန်ထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ တပ်မတော်က ဧပြီလကုန်ထိ အပစ်ရပ်ကြေညာထားတဲ့ စစ်တိုင်းဌာနချုပ် နယ်မြေ ၅ ခုထဲမှာ ပါဝင်တဲ့နေရာဖြစ်ပြီး ဘာကြောင့်တိုက်ပွဲဖြစ်ပွားတယ်ဆိုတာကို RFA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။