ဖားကန့်မြို့က မူးယစ်ဆေးသမား ၅၀ ခန့်ကို KIA - PDF ပူးပေါင်းအဖွဲ့ ဖမ်းဆီးထား

2022.08.26
ဖားကန့်မြို့က မူးယစ်ဆေးသမား ၅၀ ခန့်ကို KIA - PDF ပူးပေါင်းအဖွဲ့ ဖမ်းဆီးထား ဖားကန့်မှာ မူးယစ်ဆေးသုံးစွဲနေသူကို ၂၀၁၉ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ တွေ့ရစဥ်
Photo: RFA
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ဟောင်ပါးကျေးရွာ၊ လုံးခင်းကျေးရွာ၊ အောင်ရာကျေးရွာ တွေထဲမှာ ဩဂုတ်လ ၂၂ ရက်နေ့ကနေ ဩဂုတ်လ ၂၆ ရက် ဒီနေ့အထိ မူးယစ်ဆေး သုံးစွဲသူတွေနဲ့ ရောင်းချသူ ၅၀ နီးပါးကို KIA - PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဩဂုတ်လ ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ဟောင်ပါးကျေးရွာထဲက မူးယစ်ဆေးဝါးရောင်းချတဲ့ နေအိမ် တစ်လုံးကို ဝင်ရောက် ဖမ်းဆီးမှုတွေ ရှိခဲ့တယ်လို့ လုံးခင်းကျေးရွာအုပ်စုမှာနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။
 
"မူးယစ်ဆေးဝါးက ဖားကန့်မှာ ခေတ်အဆက်ဆက်ကရှိခဲ့တာ ဟုတ်တယ်။ ဒါပေမဲ့ ဒီကာလ မှာ ပိုဆိုးလာတယ်။ ရောင်းတဲ့ဆိုင်ဆိုရင်လည်း မှိုလိုပေါက်လာတယ်၊ လူတွေ အကုန်ကြည့် လိုက် ၁၀ ယောက်မှာ ၉ ယောက်က ဘိန်းစား၊ လူငယ် လူရွယ်လေးတွေချည်းပဲ၊ အဲဒါကြောင့် ငါတို့ဒေသခံတွေက KIA က ဝင်ဖမ်းတာကို ကြိုဆိုတယ်။ မဟုတ်ရင် ဖားကန့်က ရစရာ ရှိမှာမဟုတ်ဘူး"
 
အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲတာနဲ့ ရောင်းချတာတွေကို အရင်ကထက် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာကြတဲ့အတွက် အခုလို KIA - PDFတွေက ဖမ်းဆီးတာတွေ လုပ်လာတာလို့ သူက ပြောပါတယ်။
 
မူးယစ်ဆေးသုံးရာမှာ အသုံးပြုတဲ့ ဆေးထိုးအပ်တွေကို လူသွားလမ်းတွေပေါ်မှာ စည်းကမ်းမဲ့ စွန့်ပစ်လာသလို ဖားကန့်မြို့ထဲက မှော်တွေမှာ မူးယစ်ဆေးဝါးရောင်းချတဲ့ ဆိုင်တွေ ရာနဲ့ချီ ရှိနေတယ်လို့လည်း သူက ပြောပါ တယ်။
 
ဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်သူတွေကို ဘယ်မှာ ဖမ်းချုပ်ထားပြီး ဘယ်လို အရေးယူ ဆောင်ရွက်မလဲဆိုတာနဲ့ ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
 
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်လောက်က ပေါ်ပေါက်ခဲ့တဲ့ ကချင်လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ပေါ်ပေါက်ခဲ့ချိန်က မူးယစ်ဆေးဝါး သုံးစွဲသူတွေ လျော့နည်းသွားသလို ရောင်းဝယ်တဲ့ဆိုင်တွေလည်း ပေါ်ပေါ်ထင်ထင် မရောင်းချရဲဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။