စစ်တပ်နဲ့ KIA တိုက်ပွဲတွေကြောင့် ဖားကန့်မှာ စစ်ဘေးရှောင် ၄၀၀ လောက်ရှိနေ

2021-04-01
Share
စစ်တပ်နဲ့ KIA တိုက်ပွဲတွေကြောင့် ဖားကန့်မှာ စစ်ဘေးရှောင် ၄၀၀ လောက်ရှိနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့တဲ့ ဖားကန့်မြို့နယ်က လုံးခင်းသပိတ်စစ်ကြောင်း။
Photo: RFA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ ကချင်တပ်မတော် KIA တို့ကြား တိုက်ပွဲတွေ ရှိနေသလို စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းတွေလည်း နေ့စဉ်ရှိနေပါတယ်။

ဖားကန့်မြို့ရဲ့ အဓိက သပိတ်စစ်ကြောင်းတွေဖြစ်တဲ့ အေးမြသာယာ၊ ဆိုင်းတောင်၊ လုံးခင်း- မော်ဝမ်း သပိတ်စစ်ကြောင်းတွေဟာ လူဦးရေ ထောင်နဲ့ချီ နေ့စဉ် လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။

စစ်ကောင်စီလက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် မတ်လ ၁၄ရက်နေ့မှာ ဆိုင်းတောင်းစစ်ကြောင်းက ကိုကျော်လင်းထိုက်(၃၁) နှစ် ၊ မတ်လ (၂၇) ရက်နေ့မှာ အေးမြသာယာစစ်ကြောင်းက ကိုသန့်ဇော်(၁၉) နှစ်တို့ သေဆုံးခဲ့ပါတယ်။

ဖားကန့်မြို့နယ်အတွင်း နေရာတော်တော်များများမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ရဲစခန်းတွေကို ကချင်တပ်မတော် KIA က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့မှုတွေ မတ်လ အတွင်းမှာ စတင်ခဲ့ပါတယ်။

ကချင်ပြည်နယ်တွင်းရဲ့ စစ်ရေးအခြေနေနဲ့ပတ်သက်လို့ ကချင်တပ်မတော် KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက ပြောဆိုခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့အခါ "စစ်ရေးအရတော့ တင်းမာနေတဲ့ အခြေနေတွေရှိကြောင်းနဲ့ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်လာတာတွေရှိသလို KIA တပ်စခန်း အနီးတဝိုက်တွေမှာ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တာတွေရှိနေတယ်" လို့ ပြောပါတယ်။

မနေ့က ဧပြီ (၁) ရက်နေ့မှာလည်း ဖားကန့်မြို့နယ် ရှဒူးဇွတ်ကျေးရွာအုပ်စုအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့သလို လီဒိုလမ်းမတကြောက ယုဇနကုမ္ပဏီဝင်းဘက်မှာလည်း တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီအခြေအနေတွေကြောင့်ဖားကန့်မြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည် ၄၀၀ လောက်ရှိနေပြီး လုံးခင်းကျေးရွာမှာရှိတဲ့ နှစ်ချင်းဘုရားကျောင်းနဲ့ မှော်စီစာကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ယာယီ ခိုလှုံနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့