ကချင်ပြည်နယ် မံစီမြို့နယ်၊ မိုင်းခေါင်ရွာသစ်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ -၁၂၁ မတ်လ ၂၄ ရက်မနက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က သိမ်းယူလိုက်ပါတယ်။
ဗိုလ်မှူးသန့်ဇင်ကိုကို ဦးဆောင်ကွပ်ကဲတဲ့ အဲဒီတပ်ရင်းမှာ အင်အားငါးဆယ်နီးပါးရှိပြီး KIA တပ်တွေ လာရောက်ပိတ်ဆို့ချိန် မတ်လ ၂၃ ရက်ညပိုင်းမှာ တပ်ရင်းတစ်ခုလုံး စခန်းကိုစွန့်ခွာထွက်ပြေးသွားတာပါ။
မတ်လ ၂၄ ရက် မနက်အစောပိုင်းမှာ စခန်းကို ဝင်ရောက်သိမ်းဆည်းလိုက်တာလို့ KIAရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFAကို ပြောပါတယ်။
“စခန်းကို သိမ်းလိုက်တာ ဟုတ်တယ်။ ဘာတွေသိမ်းဆည်းရမိသလဲဆိုတာကို အသေးစိတ် မပြောနိုင်သေးပါဘူး။ အဲဒီစခန်းက စကစတပ်တွေက မနေ့ညကတည်းက စခန်းကနေ ထွက်ပြေးသွားတာ။ အဲဒါကြောင့် ဒီမနက်မှာပဲ အလွယ်တကူသိမ်းလိုက်တာပါ"
စစ်ကောင်စီ တပ်စခန်းကနေ စစ်လက်နက်ပစ္စည်းတချို့နဲ့ စားနပ်ရိက္ခာတချို့ သိမ်းဆည်းရမိပေမယ့် အသေးစိတ်ကိုတော့ လတ်တလော မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒီတပ်စခန်းက မံစီမြို့နယ်မှာ ဆယ်စုနှစ်တစ်ခုနီးပါး တပ်စွဲနေထိုင်နေတာဖြစ်ပြီး ဒေသခံတွေကို မကြာခဏဆိုသလို ခေါ်ယူစစ်ဆေးမေးမြန်းတာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းနဲ့ လိုင်ဇာအနီးက စစ်ကောင်စီ တပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတွေက မတ်လ ၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။