ဖားကန့်က စစ်ကောင်စီတပ် ဗျူဟာကုန်းကို KIA သိမ်းပိုက်

RFA Burmese
2024.08.15
ဖားကန့်က စစ်ကောင်စီတပ် ဗျူဟာကုန်းကို KIA သိမ်းပိုက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။
Kachin News Group

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လမောင်ကျေးရွာက စစ်ကောင်စီတပ် ဗျူဟာကုန်းစခန်းကို ဩဂုတ်လ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူခဲ့တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

အဲဒီဗျူဟာကုန်းက ဖားကန့်မြို့လုံခြုံရေးအတွက် အရေးပါတဲ့နေရာဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"ဒီနေ့မနက် ၉ နာရီလောက်ကို အပြီးသိမ်းပြီး၊ တောမှော်ကတော့ မသိမ်းသေးဘူး။ အခုမနက်သိမ်းတဲ့စခန်းက ဖားကန့်မြို့က ဗျူဟာကုန်းလုံခြုံရေးအတွက် အရေးပါတယ်။ အင်အားကတော့ ခြောက်ဆယ်လောက်ရှိတယ်"

ဩဂုတ်လ ၁၄ ရက်နေ့က ဖားကန့်မြို့က လမောင်တပ်စခန်းကုန်းနဲ့ တောမှော် စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုမနက်ပိုင်းမှာ လမောင်တပ်စခန်းကို သိမ်းယူခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

မနေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့လို့ လမောင်၊ ဆိုင်းဂျာဘွမ်၊ တောမှော် စတဲ့ ကျေးရွာတွေက ဒေသခံ ငါးရာဝန်းကျင်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

လက်ရှိမှာ ဖားကန့်မြို့ အဝင်အထွက်လမ်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး ဖားကန့်မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်စခန်း ငါးခုလောက်သာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

အခုနှစ်ဆန်းပိုင်းကစလို့ ကချင်ပြည်နယ်အတွင်း ဒေါ့ဖုန်းယန်၊ လွယ်ဂျယ်၊ မြို့လှ၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်နဲ့ ဆဒုံးမြို့ စတဲ့ မြို့ တွေအပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း နှစ်ရာကျော်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။