မြန်မာနယ်စပ်က EAO အဖွဲ့တွေကို တရုတ်အထူးကိုယ်စားလှယ် လာရောက်တွေ့ဆုံ

RFA Burmese
2024.09.02
မြန်မာနယ်စပ်က EAO အဖွဲ့တွေကို တရုတ်အထူးကိုယ်စားလှယ် လာရောက်တွေ့ဆုံ ၂ဝ၂၂ ခုနှစ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း တွေ့ရသည့် တရုတ်အထူးကိုယ်စားလှယ်တိန့်ရှီကျင်း (Deng Xijun)။
Myanmar Military

မြန်မာ-တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO)တွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျင်းတို့ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တရုတ်အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံပွဲကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ဒုဥက္ကဋ္ဌနဲ့ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြောင်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“အဓိကတော့ ကျွန်တော်တို့ ဒုဥက္ကဋ္ဌ ဒူးဝါးဂမ်ရှောင် ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ KIO ရဲ့ ကိုယ်စားလှယ်တွေ ပြန်လာပြီးမှ ဗဟိုကော်မတီထိုင်ပြီး သုံးသပ်ပြီးမှ ပြည်သူလူထုကို ပြောသင့်ပြောထိုက်တာတွေ ထုတ်ပြန်ပေးတဲ့ လုပ်ထုံးလုပ်နည်းရှိပါတယ်၊ အခုလည်း ဒုဥက္ကဋ္ဌနဲ့ အဖွဲ့တွေပြန်လာပြီး ဗဟိုကော်မတီဆုံးဖြတ်ပြီးမှ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်မှာဖြစ်ပါတယ်”

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထိန်ချုံးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

အလားတူ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်မတော် (MNDAA) အဖွဲ့တွေကိုလည်း တရုတ်အထူးကိုယ်စားလှယ်က တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်နေပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ UWSA နဲ့ TNLA ပြောရေးဆိုခွင့်ရှိသူတွေကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျင်းဟာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကလာရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အွန်လိုင်းလောင်းကစား ပပျောက်ရေးနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။