မြစ်ကြီးနားမှာ ဆွေးနွေး ဖို့ ကေအိုင်အို ကမ်းလှမ်းချက် အစိုးရလက်ခံ


2014.04.30
kio-gov-meeting-first-day-305.jpg မေလ ၂၈ ရက်နေ့က အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက ကချင်ပြည် နယ် မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့် ဆွေးနွေး လိုကြောင်း ကမ်းလှမ်းချက်ကို အစိုးရ ဘက်က လက်ခံကြောင်းနဲ့ လတ်တလော တွေ့ဆုံနိုင် မယ့်ရက် ကို ညှိနှိုင်းနေ တယ်လို့ မြန်မာငြိမ်းချမ်းရေးစင် တာက ပြောပါတယ်။

ကေအိုင်အိုရဲ့ ကမ်းလှမ်းချက်ကို ဝန်ကြီး ဦးအောင်မင်း က လက်ခံလိုက်ပြီး ဆွေးနွေးနိုင်မယ့်ရက်ကို အကြောင်းပြန်ပေးသွားမယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာ အထူးအကြံပေး ဦးလှမောင်ရွှေ က ပြော ပါတယ်။

"မနေ့နေ့လယ်က ဝန်ကြီး ဦးအောင်မင်းရုံး ကို ဆွေးနွေးပွဲခေါင်းဆောင်က လက်မှတ် ထိုးပြီးတော့ စာပို့တာရပါတယ်ခင်ဗျ၊ စာရကြောင်းလည်း ကျနော်တို့ အကြောင်းပြန်ထားပါတယ် ၊ မြစ်ကြီးနားဆွေးနွေး ပွဲ ဆောင်ရွက်မှာပါ၊ ဒါပေမဲ့ ဘယ်နေ့ဆောင်ရွက်မလဲဆိုတဲ့ကိစ္စကို ဝန်ကြီး ဦးအောင်မင်းတို့ ညှိနှိုင်းနေပါတယ်၊ ပထမဆုံး ကျနော်တို့ဘက်ကတော့ NCCT နဲ့ ဆွေးနွေးမယ့်ရက်ကို ညှိနှိုင်းနေပါတယ်၊ NCCT နဲ့ ဆွေးနွေးမည့် ရက်ကတော့ အခု ၁၉၊ ၂ဝ ဆိုတာရပါပြီ၊ ဒါကြောင့် NCCT နဲ့ ဆွေးနွေးပွဲမတိုင်ခင်မှာတော့ KIO နဲ့ ဆွေးနွေး ပွဲကဖြစ်မှာပါ"

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCTT နဲ့ အစိုးရတို့ မကြာခင်ကျင်းပမယ့် အစည်းအဝေးမတိုင်ခင်တွေ့ဆုံဖို့ ကေအိုင်အိုက ကမ်းလှမ်းထားတယ်လို့ သိရ ပါတယ်။

အဲ့ဒီသီးသန့်ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar ၊ တရုတ်နိုင်ငံဆိုင်ရာ အာဆီယံအထူးအရာရှိ မစ္စတာ ဝမ်ယင်ဖန်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNFC ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး NCCT အဖွဲ့တွေကို လေ့လာသူအနေနဲ့ တက်ရောက်ဖို့ ကေအိုင်အိုက ဖိတ်ကြားသွားမယ့်အကြောင်း ဝန်ကြီး ဦးအောင်မင်းဆီ ပေးပို့တဲ့စာမှာ ပါရှိတယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်မှာ ကေအိုင်အိုနဲ့ တပ်မတော်အဖွဲ့တွေ နှစ် ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒုက္ခသည် သောင်းဂဏန်း လောက်အထိရှိတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ငြိမ်းချမ်းရေးကိစ္စ လက်ရှိစိန်ခေါ်မှုတွေ၊ ရှေ့ဆက် လက်ဆောင်ရွက်သွားနိုင်မယ့် အလားအလာတွေနဲ့ ပတ်သက်လို့ NCCT ခေါ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်မှုအဖွဲ့က ကရင်တိုင်းရင်းသားခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။