ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ကရင်ပြည်နယ် မြဝတီမြို့တွင်းကို ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ ကရင်အမျိုးသားတပ်မတော် (KNA) တပ်သားတွေက အတားအဆီးတွေ ရှင်းလင်းပြီး ကင်းလှည့်နေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
မြဝတီမြို့ခံနှစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဧပြီ ၂၄ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။
လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ဦးကတော့ မနေ့က မြဝတီမှာ တိုက်ပွဲတွေမရှိကြောင်း ပြောပါတယ်။
မြဝတီမြို့က နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ KNU တပ်ဖွဲ့တွေကို အတည်ပြုဖို့ ကြိုးစားပေမဲ့ အကြောင်းမပြန်သေးကြောင်း ရိုက်တာက ဆိုပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ KNA အဖွဲ့ဟာ အရင်က မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) အဖြစ်ကနေ ခွဲထွက်ခဲ့ပြီး အခုနှစ်မှာ သီးခြား လက်နက်ကိုင်အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့တာ ဖြစ်ပေမဲ့ မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေး အင်အားစုတွေဘက်ကိုလည်း သစ္စာခံတာ မရှိဘူးလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ အပတ်က မြဝတီမြို့မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စနေနေ့က KNU တပ်ဖွဲ့တွေ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံကြား ဆက်သွယ်ထားတဲ့ တံတား အမှတ် (၂) အောက်မှာ ခိုအောင်းနေတဲ့ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့တွေကို ရှင်းလင်းဖို့ကြိုးစားတဲ့ တိုက်ခိုက်မှုကြောင့် တစ်ရက်တည်းမှာ အရပ်သား သုံးထောင်ကျော် ထွက်ပြေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မြဝတီမြို့ဟာ ထိုင်း-မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါပြီး အမေရိကန် ဒေါ်လာ တစ်ဘီလျံဖိုးလောက် ဖြတ်သန်းကုန်သွယ်တဲ့ မြို့ ဖြစ်တာကြောင့် စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ ရိုက်တာက ဆိုပါတယ်။
လက်ရှိမှာ မြဝတီမြို့နယ် သင်္ဃန်းညီနောင်က တပ်ရင်း ၃၅၅၊ ၃၅၆ ၊ ၃၅၇နဲ့ ဗျူဟာကုန်းတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ပူးပေါင်းတပ်တွေက နေရာယူထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ မြဝတီမြို့ကို တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကူတပ်တွေကို ရှင်းလင်းသွားမယ်လို့ RFA ကို ဧပြီ ၂၄ ရက်နေ့က ပြောပါတယ်။