ကရင်နီပြည်နယ်ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့ ဖော်ဆောင်မယ်လို့ KNDF ပြော

ကရင်နီပြည်နယ်ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရတဲ့ ပြည်နယ်တစ်ခုအဖြစ် ပြည်ထောင်စုမှာ ရပ် တည်ဖော်ဆောင်သွားမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် (KNDF) က ဇွန်လ ၂၁ ရက် ဒီနေ့ ကျရောက်တဲ့ ၁၄၇ နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

ဌာနေတိုင်းရင်းသားတွေရဲ့ လူနည်းစုလူ့အခွင့်အရေးနဲ့ ကရင်နီပြည်သူတွေအားလုံး တန်းတူ အခွင့်အရေး ရနိုင်ဖို့ အနာဂတ်မှာ ပြဋ္ဌာန်းမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိကျစွာပြဋ္ဌာန်း နိုင်ဖို့အတွက် KNDF က ရပ်တည်မယ်လို့လည်း အဲဒီသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကလည်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်ကို နည်းလမ်းပေါင်းစုံနဲ့ ခုခံတော်လှန်နေတဲ့အတွက် လေးစားဂုဏ်ယူမိတယ်လို့လည်း ဒီနေ့ ကျ ရောက်တဲ့ ကရင်နီ အမျိုးသားနေ့မှာ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ထားပါတယ်။

မြန်မာပြည်လွတ်လပ်ရေးရပြီးချိန်ကစလို့ ကရင်နီပြည်နယ်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆုံးရှုံး ခဲ့ရပြီး လက်ရှိမှာလည်း စစ်ကောင်စီကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဆင်းရဲဒုက္ခ တွေကို စာနာနားလည်တယ် လို့ NUG က ရေးသားထားပါတယ်။

နိုင်ငံရေးတန်းတူမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရာမှာ ကရင်နီပြည်သူ တစ်ရပ်လုံးနဲ့အတူ NUG အနေနဲ့ နွေဦးတော်လှန်ရေးအောင်မြင်တဲ့အထိ လက်တွဲဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) နဲ့ ကျောင်းသားတပ်မတော် (ABSDF) တို့ကလည်း ကရင်နီအမျိုးသားနေ့အတွက် ဂုဏ်ပြုတဲ့ သဝဏ်လွှာတွေကို အသီးသီး ပေးပို့ထားကြပါတယ်။

ကရင်နီအမျိုးသားနေ့ကို ဗမာဘုရင်နဲ့ ဗြိတိသျှတို့က ကရင်နီပြည်နယ်ကို သီးခြားလွတ်လပ် ကြောင်းနဲ့ ကျူးကျော်မှုမပြုဖို့ စာချုပ်ချုပ်ဆိုခဲ့တဲ့ ၁၈၇၅ ခုနှစ်၊ ဇွန် ၂၁ ရက်နေ့ အထိမ်း အမှတ်အဖြစ် ကျင်းပလာတာဖြစ်ပြီး အခုဆိုရင် ၁၄၇ နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ကရင်နီပြည်နယ်အတွင်းမှာလည်း လက်နက်ကိုင် ခုခံတော်လှန်ရေး ပေါ်ပေါက်လာခဲ့သလို အခုဆိုရင် နေရပ်စွန့်ခွာထွက် ပြေးရသူပေါင်း နှစ်သိန်းကျော်ရှိနေတယ်လို့ ကရင်နီပြည်နယ်အတွင်းက အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ စာရင်းအရ တွေ့ရပါတယ်။