ကယား (ကရင်နီ) ပြည်နယ် ဘောလခဲမြို့ဘက်ကို ရိက္ခာပို့ဆောင်ပေးနေတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ဇွန် ၂ ရက် မနေ့ ညနေပိုင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုကနေ ကားနှစ်စီးနဲ့ လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဘောလခဲကနေ ရိက္ခာပို့တဲ့ စစ်ကောင်စီယာဉ်ကိုဖြတ်တိုက်တဲ့ ပုံစံပေါ့။ မနေ့ညက ထားလဲနဲ့ လောကေခူ ရွာကြားမှာ ညနေ ၅ နာရီထိ စစ်ပွဲဖြစ်တယ်။ သူတို့စစ်ကား နှစ်စီးကို ရထားတယ်။ တစ်စီးက ဖျက်ဆီး လိုက်တယ်။ ညနေ ၃ နာရီ ၁၅ လောက်မှာ လေယာဉ်နဲ့ ခြောက်ကြိမ်လာကြဲသွားတယ်။ ကျည်ဆန်အချို့နဲ့ လက်နက်ငယ်တချို့ ကျနော်တို့ သိမ်းဆည်းရမိတယ်။ လက်ရှိအခြေအနေထိတော့ ပစ်ခတ်နေတုန်းပဲ။"
မေလ ၃၁ ရက်နေ့ကနေစပြီး ဇွန် ၁ ရက်နေ့အထိ ဖရူဆိုမြို့နဲ့ ဘောလခဲမြို့အကြားက ထားလဲရွာအနီး စစ်ကောင်စီယာဉ်တန်းတွေကို ဖြတ်တိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်အတွင်း ရိက္ခာနဲ့ လက်နက် ခဲယမ်းတွေ ဖြည့်တင်းဖို့အတွက် ပြင်ဆင်နေချိန် လမ်းခုလတ်တွေမှာ ကရင်နီပူးပေါင်းတပ် တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဇွန် ၂ ရက် မနေ့က KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွိုင်လင်လေးမြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စုဘက်ကိုလည်း ဇွန်လ ၂ ရက်နေ့က စစ်ကောင်စီကနေပြီး စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
မေလအတွင်း ကရင်နီပြည်တွင် စစ်ကောင်စီတပ်တွေက ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့မှာ အရှိန်မြှင့် ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာလည်း အကြောင်း မပြန်ပါဘူး။
မေလအတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း အကြိမ်ရေ ၆၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀၇ ဦး သေဆုံးခဲ့ကာ ငါးဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။