စစ်ကောင်စီအုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်း ရပ်တန့်သွားပြီလို့ KNDF ထုတ်ပြန်

ကယား (ကရင်နီ) ပြည်နယ်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်း ရပ်တန့်သွားပြီလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဖေဖော်ဝါရီ ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

တစ်ပြည်နယ်လုံးမှာ ရွာပေါင်း ၇၀၀ ကျော် ရှိတဲ့အထဲက ရွာပေါင်း ၄၀၀ လောက်မှာ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက နယ်မြေစိုးမိုးထားနိုင်နေပြီး ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ကလည်း အုပ်ချုပ်ရေးယန္တယားတွေ လုပ်နိုင်နေပြီလို့ KNDF ပြန်ကြားရေး တာဝန်ခံတစ်ဦးက RFA ကို ပြောပါ တယ်။

"ကျနော်တို့ ဒီပြည်နယ်ရဲ့ လမ်းမကြီးတွေအားလုံး ထိန်းချုပ်ထားနိုင်တဲ့ အနေအထား ဖြစ်တယ်။ လမ်းမကြီးရဲ့ အဝင်အထွက်တွေကို ကျနော်တို့တပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့ ကာကွယ်ရေး တပ်တွေက ထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်နေတာက လက်ရှိ ပကတိအခြေအနေပါပဲ"

စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတဲ့ ရွာတွေကလွဲရင် ရွာပေါင်း ၄၀၀ လောက်မှာ ဆေးပေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ကိုယ်ထူကိုယ်ထ စီမံအုပ်ချုပ်မှုနဲ့ လည်ပတ်နေနိုင်ပြီလို့လည်း ဆိုပါတယ်။

မြို့နယ်ပေါင်း (၇) ခုရှိတဲ့အထဲမှာ ဒီးမော့ဆို၊ လွိုင်ကော်နဲ့ ဖရူဆိုမြို့မှာ တိုက်ပွဲတွေ ဖြစ်နေပြီး လွိုင်ကော်မြို့ပေါ်က အနည်းအကျဉ်းလောက်နဲ့ တိုက်ပွဲမရှိတဲ့ ဘောလခဲမြို့နယ် လောက်သာ စစ်ကောင်စီက အုပ်ချုပ်ထားနိုင်တာလို့ KNDF ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ပြည်နယ်ရဲ့ အဓိက လမ်းအဝင်အထွက်တွေ အားလုံးနီးပါး ထိန်းချုပ်ထားနိုင်လို့ စစ်ကောင်စီတပ်ဘက်က လက်နက်နဲ့ ရိက္ခာထောက်ပံ့တာတွေကို လေကြောင်းကနေပဲ အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၅၀ ကိုလည်း ကရင်နီ ပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP) ကို ဖွဲ့စည်းနိုင် ခဲ့ပြီး ပြည်နယ်လုံခြုံရေး စတင် လုပ်ဆောင်နေပြီလို့လည်း ပြောပါတယ်။

KNDF ရဲ့ ကယားပြည်နယ်ထဲ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RFA က ထပ်မံ အတည်ပြုနိုင်ဖို့ကြိုးစားနေပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ ဖရူဆိုမြို့နယ် မိုဆိုရွာအနီး ဒေသခံတွေ အစုလိုက် မီးရှို့အသတ်ခံခဲ့ရတာကိုလည်း တရားမျှတမှုရှိအောင် ဆောင်ရွက်နေတယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။