စစ်ကောင်စီရဲ့ ကွီလုံတိုင်စခန်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်
2023.09.15
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီရဲ့ ကွီလုံတိုင်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ အထူးစစ် ဆင်ရေးတပ်ဖွဲ့ SOF နဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀ ယောက်လောက် သေဆုံးတယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက် နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီစခန်းကို ဩဂုတ်လ ၂၄ ရက်နေ့တည်းကစပြီး တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီဘက်ကတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၃၉၊ ခမရ ၅၆၁၊ ခမရ ၅၅၇ တို့ပါဝင်ပြီး လေကြောင်းကနေပြန်တိုက်တယ်လို့ ပြောပါတယ်။
အဲဒီ ကွီလုံတိုင်စခန်းကိုတိုက်နေတဲ့အချိန်မှာ စစ်ကောင်စီရဲ့နောက်ထပ်စခန်းတစ်ခုဖြစ်တဲ့ ရေတလျောက်စခန်း ကို KNLA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီ တပ်သား ကိုးယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ အတော်များများသိမ်းဆည်းရမိသလို KNU ပူးပေါင်းတပ်ဖက်က တစ်ယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရခဲ့တယ်လို့ KNU က မနေ့က ထုတ်ပြန်ထားပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို သတင်းပြန်ကြား ရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။