UNFC အရေးပေါ်အစည်းအဝေး ကျင်းပပေးဖို့ KNPP တင်ပြတောင်းဆို

UNFC စည်းအဝေး ကျင်းပနေစဉ်
UNFC စည်းအဝေး ကျင်းပနေစဉ် (Photo: Aung Moe Myint/RFA )

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပြန်လည်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး အရေးပေါ် ညီလာခံ အမြန်ဆုံး ကျင်းပဖို့ NCA အပစ်ရပ်လက်မှတ်မထိုးထားတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက တောင်းဆိုထားတယ်လို့ သိရပါတယ်။

UNFC ညီလာခံကို ပြီးခဲ့တဲ့ နှစ်ထဲက ကျင်းပဖို့စီစဉ်ထားပေမယ့် ကြန့်ကြာနေတာကြောင့် အရေးပေါ်ညီလာခံအနေနဲ့ ကျင်းပဖို့ တင်ပြထားတာဖြစ်တယ်လို့ KNPP အတွင်းရေးမှူး ခူးပလူးရယ် က RFA ကို ဒီနေ့ ပြောပါတယ်။

UNFC အဖွဲ့ကနေ KNPP နုတ်ထွက်ခွင့်တောင်းထားတယ်လို့ သတင်းတွေထွက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။

အဲဒီအရေးပေါ် အစည်းအဝေးမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ UNFC ပုံစံသစ် ပြန်လည် စုစည်းနိုင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

တဆက်တည်းမှာပဲ UNFC ကို ပြန်လည်ဝင်ရောက်ခွင့်ပြုဖို့ NCA လက်မှတ်ထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး CNF က တင်ပြထားတဲ့အပေါ် အရေးပေါ်အစည်းအဝေးမှာ ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

UNFC ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ရခိုင်ပြည် အမျိုးသားကောင်စီ ANC က ဦးထွန်းဇော်ကတော့ အရေးပေါ်ညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး အတိအကျမသိရသေးဘဲ ကျင်းပဖြစ်ရင်တော့ နုတ်ထွက် ခွင့်တောင်းထားတဲ့ အဖွဲ့တွေအပါအဝင် UNFC ကိုဝင်ရောက်ဖို့ တင်ပြထားတဲ့ အဖွဲ့တွေကိုပါ ဖိတ်ကြားဖို့ရှိတယ်လို့ ပြောပါတယ်။

လက်ရှိမှာ UNFC အဖွဲ့ဝင် ၅ ဖွဲ့ရှိပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကလည်း ၂၀၁၇ ခုနှစ် သြဂုတ်လက နုတ်ထွက်စာ တင်ထားသလို NCA လက်မှတ်ထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူအဖွဲ့ LDU တို့ကလည်း နုတ်ထွက်ခွင့် တောင်းထားပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ KNPP ဒုတိယဥက္ကဋ္ဌဖြစ်သူ ခူဦးရယ်ဟာ လက်ရှိမှာ UNFC အထွေထွေ အတွင်းရေးမှူး တာဝန်ယူထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့တာပါ။