ဖာပွန်မြို့နယ်မှာ တပ်မတော်ကို KNU ပစ်ခတ်တိုက်ခိုက်


2019.01.19
knu-622.jpg KNU တပ်သားအချို့ကို တွေ့ရစဉ်
Photo: RFA

ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ တပ်မတော်က ဒေသဖွံ့ဖြိုးရေးနဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေကို KNU အဖွဲ့က နှောက်ယှက်ပစ်ခတ်တာ၊ မိုင်းခွဲတိုက်ခိုက်တာတွေကြောင့် တပ်မတော်သားတစ်ဦး ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။

ရိက္ခာတွေတင်ဆောင်လာတဲ့ တပ်မတော်မော်တော်ယာဉ်တွေဟာ မနေ့က ဘော်စဲခိုကျေးရွာက ထွက်ခွာလာချိန်မှာ ရွာနဲ့ ၃ မိုင်ခန့်အကွာမှာ KNU အဖွဲ့ ထောင်ထားတဲ့ မိုင်းထိမှန်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲချိန်မှာပဲ KNU အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တပ်မတော်သားတစ်ဦး ကျဆုံးပြီး မော်တော်ယာဉ်လည်း ပျက်စီးခဲ့တယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ဘော်စဲခို - လွယ်မူပလောလမ်း ပြုပြင်ဆောက်လုပ်နေတဲ့နေရာမှာ လုံခြုံရေးပေးနေတဲ့ တပ်မတော်သားတွေကို KNU တပ်ဖွဲ့ဝင်တွေက နှောက်ယှက်ပစ်ခတ်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ဖာပွန်မြို့နယ်ရှိ ဘော်စဲခို- လွယ်မူပလော၊ ဘော်စဲခို-ယွန်းစလင်းလမ်းတွေကို တပ်မတော်က နှစ်စဉ် ပြုပြင်ဖောက်လုပ်ပေးနေပြီး KNU အဖွဲ့ကိုလည်း အကြောင်းကြားထားတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီလို နှောက်ယှက်ပစ်ခတ်တာတွေကို အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ JMC က တာဝန်ရှိသူတွေကနေ ကန့်ကွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ JMC အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင် ကတော့ တပ်မတော်က တိုင်ကြားထားတာကို KNU အဖွဲ့က တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်လို့  RFA ကိုပြောပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး KNU ဗဟိုက တာဝန်ရှိသူတွေကို မေးမြန်းရာမှာတော့ ဖုန်းပြန်လည်ဖြေကြားခြင်းမရှိသလို KNU တပ်မဟာ ၅ ကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ရှိသူတွေမရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဖာပွန်မြို့နယ်မှာရှိတဲ့ ဘော်စဲခိုတစ်ဝိုက်မှာ ကားလမ်းဖောက်တာတွေကို KNU ကကန့်ကွက်ထားသလို တပ်မတော်နဲ့ KNU လမ်းဖောက်တာတွေကြောင့် မကြာခဏ ပစ်ခတ်တာတွေ၊ အငြင်းပွားတာတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။