စစ်တပ်နဲ့ KNU မြဝတီမြို့အနီး တိုက်ပွဲပြင်းထန်၊ နှစ်ဖက်ထိခိုက်သေဆုံးမှုများ

KNU ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေအကြား ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဝေါလေဒေသ ဥကရစ်ထစခန်းမှာ လေးရက်ကြာတဲ့အထိ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် စလုံးကနေ သေဆုံးထိခိုက်မှု များနေတယ်လို့ KNU/KNDO တာဝန်ရှိသူတွေက ပြော ပါတယ်။

တိုက်ပွဲဖြစ်နေဆဲကာလမို့ သေဆုံးထိခိုက်အရေအတွက်ကို အတိအကျ မပြောနိုင်သေးဘူး လို့ KNU ရဲ့ မဟာမိတ်တပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) အရာရှိ တစ်ဦးဖြစ်တဲ့ ဗိုလ်စလုံးက ပြောပါတယ်။

ဥကရစ်ထ စခန်းဟာ စစ်ကောင်စီရဲ့ အမာခံစခန်းတစ်ခုဖြစ်ပြီး ဒီစခန်းကို သိမ်းပိုက်နိုင်ဖို့ KNU၊ KNDO၊ PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီတပ် ဘက်ကလည်း နယ်ခြားစောင့်တပ် BGF၊ စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လေကြောင်း၊ ကြည်း ကြောင်းကနေ အင်အားသုံး တိုက်ခိုက်နေတယ်လို့ KNDO တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်စလုံးက ပြောပါတယ်။

"သူတို့လေယာဉ်နဲ့ တအားလာကြဲနေတာ သုံးရက်ရှိပြီ။ မနေ့က ကိုးခေါက်၊ ဒီနေ့က ဆယ်ခေါက်ကျော်နေပြီ။ ထိခိုက်သေဆုံးတာတွေက ကျနော်တို့ဘက်မှာလည်း ရှိတယ်။ သူတို့ဘက်လည်း တော်တော်များတယ်။ အရေအတွက်က မသေချာသေးဘူး။ အဲဒါက ပွဲပြီးမှပဲ။ အခုက ပွဲမပြီးသေးဘူးနော်"

စစ်တပ်ဘက်က သေဆုံးထိခိုက်အခြေအနေနဲ့ လက်ရှိတိုက်ပွဲအခြေအနေ သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့မွန်းလွဲပိုင်းအထိ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

KNDO တပ်နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတာကြောင့် တိုက်ပွဲဖြစ်နေတဲ့ စခန်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီဘက်က အင်အားတိုးမြှင့်ချ ထားတယ်လို့ RFA ကို ဒီနေ့ မနက်ပိုင်းက ပြောပါတယ်။

"ကျနော်တို့ အခုထိ တိုက်နေတုန်းပဲ။ ခေါင်းပေါ်မှာလည်း လေယာဉ်တွေ ဝဲနေတုန်းပဲ။ တိုက်ပွဲဖြစ်နေတုန်းပေါ့လေ။ မနေ့ကတော့ စခန်းကနေ စစ်ကောင်စီတပ်တွေ ထွက် ပြေးတယ်။ ထပ်ရောက်လာပြီး အင်အားဖြည့်တင်းတယ်။ အဲဒီလိုတော့ ပြောလို့ရတယ်"

ဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်မ ၇၇ အမှတ်တံဆိပ်ပါ စစ်သားတွေ ပါဝင်တိုက်ခိုက်နေ တာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။ KNU/ KNDO တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့တစ်ခုကတော့ သူတို့တိုက်နေတဲ့ စစ်ကြောင်းကို Venom လို့ အမည်ပေးထား ပြီး သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ လေးရက်ကြာတိုက်ပွဲအတွင်း သူတို့တပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့ကြောင်း ဇွန်လ ၂၈ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် လူရွှင်တော်ဘဝကနေ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ထဲ ဝင်လာတဲ့ ကိုအီကြာကွေး၊ CDM ဒုတပ်ကြပ် ကိုဝေလင်းအောင် (ခ) ကိုဇော်ဝင်းထွဋ် တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

အခုတိုက်ပွဲပြင်းထန်နေတဲ့ ဥကရစ်ထစခန်းဟာ KNU တပ်မဟာ (၆) ထိန်းချုပ်ရာ မြဝတီမြို့တောင်ဘက်မှာ တည်ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း မြဝတီမြို့အနီးက လေးကေ့ကော် ငြိမ်းချမ်းရေးမြို့သစ်ကို လက်နက်အပြည့် တပ်ဆင်ထားတဲ့ စစ်အင်အား ၂၀၀ ခန့် ရောက်လာပြီး KNU နယ်မြေထဲမှာ ခိုလှုံနေတဲ့ CDM ဝန်ထမ်းတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေကို ဝင်ဖမ်းခဲ့တာကြောင့် KNU နဲ့ စစ်တပ်အကြား ရက်အတော်ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံ ခုနစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။