KNU နယ်မြေထဲက မိုင်းတွင်းဗုံးကြဲခံရ၊ သုံးဦးသေဆုံး တရုတ်နိုင်ငံသားအပါ ခြောက်ဦးဒဏ်ရာရ
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နဲ့ မိုင် ၂၀ ခန့်အကွာမှာရှိတဲ့ သပြု ခနောက်စိမ်း မိုင်းတွင်းကို ဒီနေ့မနက်အစောကြီးမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ သုံးဦး သေဆုံးသွားတယ်လို့ ဘုရားသုံးဆူ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ မိုင်းတွင်းလုပ်သား မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဘုရားသုံးဆူကနေ မိုင် ၂၀ လောက် ဝေးတယ်။ သပြု ခနောက်စိမ်းသတ္တုမိုင်းပေါ့။ ဒီမနက် ၁ နာရီ မထိုးခင်မှာ လေယာဉ်နဲ့လာပစ်တာ။ မိုင်းမှာက တရုတ်တွေများတယ်။ သေတဲ့အထဲမှာတော့ တရုတ်နိုင်ငံသား မပါဘူး။ မြန်မာနိုင်ငံသားတွေချည်းပဲ သေတာ။ တရုတ်နိုင်ငံသား နှစ်ယောက်က ပတ်စ်ပို့ပဲ ပျောက်တယ်”
အဲဒီမိုင်းတွင်းတွေဟာ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေထဲမှာရှိပြီး အမှတ် (၁) ကနေ အမှတ် (၁၀) အထိ လုပ်ကွက်ချထားပေးတဲ့ မိုင်းတွင်းတွေဖြစ်သလို KNU ကို အခွန်ဆောင် နေရတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။
KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံးပြီး၊ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ RFA ကိုပြောပါတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ အသက်၅၂ နှစ်အရွယ် ဇူဂျင်းမေ ဆိုသူ တရုတ်နိုင်ငံသားတစ်ဦးပါတယ်လို့ သူက အတည်ပြုပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီမိုင်းတွင်းမှာ KNU ဘက်က တရားမဝင်လုပ်နေတာဖြစ်ပြီး၊ မိုင်းတွင်းကိုအကြောင်းပြ အဖျက်အမှောက်လုပ်ငန်းတွေ လုပ်နေတာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သတင်းထောက်တွေကို ပြောပါတယ်။ နိုင်ငံခြားသားတွေ သေဆုံးတာ ရှိ၊မရှိဆိုတာကိုတော့ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။
တရုတ်နိုင်ငံသား တစ်ဦးထိခိုက်တယ်ဆိုတာနဲ့ နောက်ထပ်သေဆုံးတဲ့သူရှိ၊မရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် မေးထားပေမဲ့ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။
KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ ဒီမိုင်းတွင်းဟာ ရှေးအစဉ်အဆက်ကတည်းက လုပ်လာတာဖြစ်ပြီး၊ အခုနောက်ပိုင်းမှာ မလည်ပတ်နိုင်လို့ ရပ်ထားတာကြာပြီလို့ ဆိုပါတယ်။ အဲဒီမှာရှိနေသူတွေကတော့ စားဝတ်နေရေးကြောင့် မိုင်းတွင်းပြန်ဖွင့်မယ့်အချိန်ကို စောင့်ဆိုင်းနေတာလို့ ပြောပါတယ်။
ဘုရားသုံးဆူ ဒေသခံတွေကလည်း ဒီနေရာမှာ မိုင်းတွင်းတွေရှိနေတာ နှစ်အနည်းငယ် ကြာပြီဖြစ်ပြီး မိုင်းတွင်းတစ်ခုမှာ တရုတ် နိုင်ငံသား ခုနစ်ဦးခန့် အထိရှိတယ်လို့ ပြောကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကလည်း ဘုရားသုံးဆူမြို့နဲ့ သုံးမိုင်လောက်အကွာက မက္ကသာရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ရွာဘုန်းကြီးကျောင်းအပါအဝင် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။