ဒုစရိုက်မှုတွေနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ KNU ဖွဲ့

ရာဇဝတ်မှုတွေနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ဥပဒေချိုးဖောက်မှုတွေရှိရင် အရေးယူဆောင်ရွက်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က မေလ ၅ရက်နေ့မှာ ကြေညာချက်ထုတ်လိုက်ပါတယ်။

မောထိုတလေးဒေသက ဟွမ်ယာ (Hyunya) တရုတ်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်တဲ့ မောလောအိ အလင်းကုမ္ပဏီဟာ အဲဒီစီမံကိန်းကနေ ၂၀၂၂ ဒီဇင်ဘာကတည်းက နှုတ်ထွက်ထားတာကြောင့် KNU နဲ့ မပတ်သက်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

KK Park လို့ လူသိများတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ပတ်သက်တဲ့လောင်းကစားရုံဟာလည်း KNU နဲ့ ပတ်သက်မှုမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

KNU ခေါင်းဆောင်တွေကို ရာဇဝတ်မှုတွေနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေမှာ ပတ်သက်တယ်ဆိုတဲ့ ရေးသားပြောဆိုတာတွေကိုလည်း ဆန့်ကျင်ကန့်ကွက်တယ်လို့ ပါရှိပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုစရိုက်မှုတွေနဲ့မကင်းတဲ့ တရုတ်စီမံကိန်းတချို့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး ပါဝင်ပတ်သက်နေတယ်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်လောက်က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့က KNU ဗဟိုအလုပ်အမှုဆောင်တစ်ဖွဲ့လုံး နုတ်ထွက်ပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားဖူးပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ KNU ၁၇ ကြိမ်မြောက်အစည်းအဝေးမှာ ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့လုပ်ငန်းမှာပါဝင်သူတွေကို အရေးယူပေးဖို့ KNU တပ်မဟာ ၅နဲ့ တပ်မဟာ ၂က တောင်းဆိုထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

၁၇ကြိမ်မြောက်ညီလာခံကနေ KNU ခေါင်းဆောင်သစ်တွေ ရွေးချယ်တင်မြှောက်လိုက်ပြီးနောက် ဒီကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။