စစ်အာဏာရှင် ဆန့်ကျင်သူအားလုံးနဲ့ လက်တွဲမယ်လို့ KNU ပြော

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲပူးပေါင်းသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌသစ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။

ဇူလိုင်လ ၅ ရက် ဒီကနေ့ ကျရောက်တဲ့ ၇၄ နှစ်မြောက် ကရင့်အမျိုးသားလွတ်မြောက်ရေး (ကော်သူးလေ) တပ်မတော်နေ့ အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားတာပါ။

KNU ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ နိုင်ငံတစ်နိုင်ငံလုံးအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ဖြစ်ပြီး ဒါဟာ ကရင့်အမျိုးသား တစ်စုတစ်ဖွဲ့တည်း၊ လူမျိုးတစ်မျိုးတည်းအတွက် မဟုတ်ဘူးလို့ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ပြည်သူလူထုကို ရန်သူသဖွယ်သဘောထားပြီး ရပ်ရွာတွေကို လက်နက်ကြီးနဲ့ပစ်တာ၊ ရွာတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ စာသင်ကျောင်တွေကို လက်နက်ကြီးငယ်နဲ့ ပစ်ခတ်တာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတယ်လို့လည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

လက်ရှိနိုင်ငံရေး၊ စစ်ရေး အခြေအနေတွေဟာ နိုင်ငံသမိုင်းတစ်လျှောက် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ လုံးဝမတူဘူးလို့လည်း ဆိုပါတယ်။

KNU၊ ကော်သူလေးတပ်မတော်အနေနဲ့ ကရင်အမျိုးသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အပြင် ပြည်သူအားလုံးအတွက် ပိုမိုထိရောက်တဲ့ ခုခံကာကွယ်တာတွေ လုပ်ဆောင်ဖို့လိုကြောင်းလည်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း NLD ပါတီဝင်တွေ၊ စစ်အာဏာရှင် တော်လှန်ရေးမှာပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို အကူအညီပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

KNU ဟာ စစ်တပ်အာဏာမသိမ်းခင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့အာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်က NCA စာချုပ်ကို စတင်ချိုးဖောက်တယ်လို့ ပြောဆိုထားပါတယ်။