KNU ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်က ခေါပိုးပလယ်(မင်းစော) အလယ်တန်းကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်း တစ်ကျောင်းလုံး ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မတ်လ ၂၃ ရက် စနေနေ့ည ၁ဝ နာရီကျော်လောက်မှာ လေကြောင်းကနေ အင်အားပြင်းဗုံး ရှစ်လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
"ကျွန်တော်တို့ဆီမှာ လေယာဉ်နဲ့ နေ့တိုင်းလိုလို လာပစ်တယ်။ အရင်ကတော့ ကျောင်းထဲမှာ စာသင်လိုက်၊ လေယာဉ်လာရင် ပြေးလိုက်နဲ့ပဲ။ ဒီတစ်ခေါက်ကတော့ ကျောင်းကို အဓိကထားပြီးပစ်သွားတာ၊ ဘယ်လောက်ပျက်စီးသွားလဲဆိုရင် ဓာတ်ပုံမှာ တွေ့တဲ့အတိုင်းပဲ လုံးဝပျက်စီးသွားတာ"
ခေါပိုးပလယ် အလယ်တန်းကျောင်းက ကွန်ကရစ်ကျောင်းဆောင် သုံးဆောင်စလုံး လုံးဝပျက်စီးသွားပါတယ်။ အဲဒီမှာစာသင်နေတဲ့ ဒေသခံကလေး အယောက် ၃ဝဝ ကျော်အတွက် ဘယ်မှာ စာဆက်သင်ရမလဲ စဉ်းစားနေရတယ်လို့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။
အဲဒီဒေသတစ်ဝိုက်မှာရှိတဲ့ ဒေသခံရွာသားတွေဟာ စစ်ကောင်စီရဲ့လေကြောင်းရန်ကိုကြောက်လို့ နေ့ဘက်ပဲ ရွာမှာနေပြီး၊ ညဘက်ရွာပြင်မှာ ရှောင်တိမ်းနေတာကြောင့် လူအသေအပျောက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။
စနေနေ့က စစ်ကောင်စီကြဲချခဲ့တဲ့ အင်အားပြင်းဗုံး ရှစ်လုံးထဲမှာ သုံးလုံးက မပေါက်ဘဲ ရွာထဲမှာ ကျန်နေတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စနေနေ့ညက လေကြောင်းသုံးတိုက်ခိုက်တာကြောင့် အလယ်တန်းကျောင်းဆောင်သုံးလုံးအပြင်၊ ရွာဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ အရပ်သားနေအိမ်ဆယ့်တစ်လုံး၊ နှမ်းဆီကျိတ်စက်ရုံငယ် တစ်လုံး ထိခိုက်ပျက်စီးသွားပြီး အရပ်သား တစ်ဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီဒေသမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက အရပ်သားတွေနေတဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ခေါပိုးပလယ်အလယ်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို မေးမြန်းဖို့ ဖုန်းဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်တာမရှိပါဘူး။