KNU ထိန်းချုပ်နယ်မြေထဲ မေလအတွင်း တိုက်ပွဲပေါင်း လေးရာကျော် ဖြစ်ပွားခဲ့

ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေထဲမှာ မေလ တစ်လအတွင်း စစ်ကောင်စီ တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲပေါင်း ၄၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ဇွန်လ ၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၄၄၈ ကြိမ်မှာ စစ်ကောင်စီဘက်က ၃၀၃ ယောက် သေဆုံးခဲ့ပြီး ၂၁၅ ယောက် ဒဏ်ရာရခဲ့သလို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်ဖွဲ့ဘက်က ခုနှစ်ယောက် သေဆုံးခဲ့ ပြီး ၂၆ ယောက် ထိခိုက်ဒဏ်ရာရမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း KNU နယ်မြေတွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု တွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံ အရပ်သား ခြောက်ယောက် သေဆုံးခဲ့ရပြီး ထိခိုက်သူ ၂၁ ယောက် ရှိခဲ့တယ်လို့လည်း KNU ဗဟိုက ရေးသား ထားပါတယ်။

အဲဒီထိခိုက်၊ သေဆုံးမှု စာရင်းတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်တပ်အနေနဲ့ အရပ်သား တွေကို ပစ်မှတ် ထားတိုက်ခိုက်တာ မရှိဘူးလို့ အရင်က ငြင်းဆိုထားခဲ့ဖူးပါတယ်။

KNU ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ အတိအလင်း ပြောဆိုထားဖူးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သလို KNU ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီး ကလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့အကြောင်း RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲ တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ခုနှစ်သောင်းကျော်ရှိနေပြီး အများစုက မြဝတီမြို့နယ်ထဲက ဒေသခံတွေ ဖြစ်ကြပါတယ်။