KNU သထုံခရိုင်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ လုပ်ခွင့်မပြုကြောင်း ထုတ်ပြန်

RFA Burmese
2023.01.23
KNU သထုံခရိုင်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ လုပ်ခွင့်မပြုကြောင်း ထုတ်ပြန် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်နေ့က တွေ့ရစဉ်။
AFP

စစ်ကောင်စီပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်နယ်၊ သထုံခရိုင်ရဲ့ နယ်မြေတွေမှာ လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အဓမ္မအာဏာသိမ်းယူထားတဲ့ အခြေအနေကနေ တရားဝင်မှုရအောင် ကြိုးပမ်းတာဖြစ်ပြီး ပြည်သူတွေနဲ့ နိုင်ငံတကာကို လှည့်ဖျားနေတာ ဖြစ်တယ်လို့ သထုံခရိုင်က ဆိုပါတယ်။

ဒီမိုကရေစီအနှစ်သာရနဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုဆန့်ကျင်တဲ့ စစ်ကောင်စီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာမှာ မဟုတ်ဘူးလို့လည်း ရေးသားထားပါတယ်။

ဒီအတွက် စစ်ကောင်စီရွေးကောက်ပွဲကို KNU သထုံခရိုင်ထဲမှာ ကျင်းပခွင့်ပေးမှာ မဟုတ်ဘဲ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ၂၅ ဖွဲ့ပါဝင်တဲ့ တပ်မဟာ ၁ နယ်မြေ၊ သထုံခရိုင် မိတ်ဖက် တော်လှန်ရေးအင်အားစုကလည်း ကြေညာထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၂၀၂၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအနှံ့ ရွေးကောက်ပွဲ လုပ်မယ်လို့ ဇန်နဝါရီလ ၄ ရက်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ မိန့်ခွန်းမှာပြောခဲ့ပြီး လက်ရှိမှာလည်း လူဦးရေစာရင်းတွေကို ဇန်နဝါရီလ ၉ ရက်နေ့ကစ ကောက်ယူနေပါတယ်။

လူဦးရေစာရင်းစကောက်တဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာပဲ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကမြောကင်းရွာမှာ စာရင်းကောက်နေတဲ့ စစ်ကောင်စီ တပ်သားတစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်တွေမှာ လူဦးရေစာရင်း ကောက်နေတဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် လေးဦး ပစ်သတ်ခံခဲ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပြီး ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ကလည်း ဆန့်ကျင်မယ်လို့ ဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။