နိုင်ငံရေးပြဿနာကို အဖြေရှာလိုတဲ့ အရိပ်အယောင်မတွေ့ရသေးကြောင်း KNU ဥက္ကဋ္ဌပြော

စစ်ကောင်စီရဲ့ သဘောထားရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်တွေဟာ လက်နက်ကိုင် တော်လှန်မှုတွေကို မျှမျှတတ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို အဖြေရှာလိုတဲ့ အရိပ်အယောင် တစ်စုံတစ်ရာကိုမှ မတွေ့ရသေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ဒီနေ့ ပြောလိုက်ပါတယ်။

ဩဂုတ်လ ၁၂ ရက် ဒီနေ့မှာ ကျရောက်တဲ့ ၇၂ နှစ်ပြည့် ကရင်အမျိုးသား အာဇာနည်နေ့မှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ထည့်သွင်းပြောကြားခဲ့တာပါ။

“ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးဆိုင်ရာ သဘောထားရပ်တည်ချက်သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသာဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံ၏ အာဏာကို တရားမဝင် သိမ်းယူထားသော စစ်အုပ်စု၏ သဘောထား ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်များသည် လက်နက်ကိုင် ခုခံတော်လှန်မှုများကို တရားမျှတစွာ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးပြဿနာများကို အဖြေရှာလိုသည့် အရိပ် အယောင် တစ်စုံတစ်ရာကိုမျှ မတွေ့ရှိရသေးပေ”

လက်ရှိမှာ KNU အနေနဲ့ လက်နက်ကိုင် ခုခံတော်လှန်နေရတဲ့ အချိန်အခါမှာပဲ ရှိနေသေးပြီး နိုင်ငံရေးပြဿနာတွေကိုလည်း နိုင်ငံရေး၊ သံတမန်ရေးနဲ့ လူမှုရေး စတဲ့ နည်းလမ်းပေါင်းစုံနဲ့ အဖြေရှာရမယ်လို့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိအချိန်မှာ နိုင်ငံရေးပြဿနာဖြေရှင်းရေး၊ ပြည် တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေးနဲ့ နိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီ အခြေခံမူပေါ်တွင် တည်ဆောက်နိုင်ရေးအတွက် စိတ်ဆန္ဒလုံးဝမရှိတာကိုလည်း ပေါ်လွင်ထင်ရှားနေတယ်လို့ မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်အဖြစ် သတ်မှတ်ထားကြောင်းနဲ့ ငြိမ်းချမ်းရေးတံခါးကို ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ထားလို့ ယုံကြည်စိတ်ချစွာ လျှောက်လှမ်းလာဖို့နဲ့ ပြည်ထောင်စုအကျိုးအတွက် တွေ့ဆုံဆွေးနွေး တာဟာ အကောင်းဆုံးဖြစ်တယ်လို့ ဩဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်နေပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို ဆွေးနွေးဖို့ ဖိတ်ခေါ်တာမျိုးကိုတော့ မတွေ့ရ သေးပါဘူး။

လက်ရှိမှာလည်း ကရင်၊ ကယား၊ ကချင်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ စစ်ရေးပဋိပက္ခတွေ နေ့စဉ်ရှိနေပြီး အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်း ထဲက မြို့နယ်တချို့ကို အင်အားအလုံးအရင်းနဲ့ ဝေဟင်ရော မြေပြင်ကပါ ထိုးစစ်တွေဆင် နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

KNU ထိန်းချုပ်နယ်မြေမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လတည်းမှာတင် KNU လက် အောက်ခံတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း ၂၅၉ ကြိမ်ဖြစ်ခဲ့တယ်လို့ ဩဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဇူလိုင်လထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ BGF ဘက်က ၃၈၆ ဦး သေဆုံးပြီး ၂၈၀ ဦး ဒဏ်ရာရခဲ့သလို KNLA နဲ့ KNDO ဘက်ကတော့ ၁၂ ဦး သေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။