ရက် ၂၀ အတွင်း စစ်တပ်က ၁၆၀ ခန့်သေဆုံးခဲ့ကြောင်း KNU ပြော

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေနယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါ ရီလ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပေါင်း ၆၇ ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တွေဘက်က သေဆုံးသူ ၂၂၇ ဦးနဲ့ ထိခိုက် ဒဏ်ရာရသူ ၁၅၉ ဦး အထိရှိခဲ့တယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီလ ၂၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသားကာကွယ်ရေးတပ် (KNDO) ဘက်ကလည်း ငါးဦး သေဆုံးပြီး ၂၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

KNU တပ်မဟာ (၅)၊ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်နဲ့ လူသောမြို့နယ်တွေမှာ စစ်ကောင်စီ တပ်က လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့ အထိ အရပ်သား လေးဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါမယ်။

ကရင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အရေအတွက်နဲ့ပတ်သက်လို့ ယခင်က KNU ရဲ့ ထုတ်ပြန်ချက်တွေကိုတော့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။