BGF တပ်တွေ ဌာနဆိုင်ရာဝန်ထမ်းတွေ နုတ်ထွက်ဖို့ KNU သတိပေး

ကရင်ပြည်နယ်၊ သထုံခရိုင်၊ ဘားအံမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်ရင်း (၁) ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF၊ ပြည်သူ့စစ် တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံး ရာထူးတာဝန်ကနေ နုတ်ထွက်ကြဖို့ ဖေဖော်ဝါရီ ၇ ရက်က သတိပေးထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်စနစ်ပျောက်အောင် သက်ဆိုင်ရာ နယ်မြေအလိုက် လုပ်နေကြတာလို့ KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒို စောတောနီးက RFA ကို ပြောပါတယ်။

"KNU ရဲ့ မူဝါဒအရ စစ်အာဏာရှင် ပပျောက်ရေးအတွက် သူ့ထိန်းချုပ်ရာ နယ်မြေ အလိုက် လုပ်နိုင်တဲ့ဘက်က လုပ်နေကြတာပါပဲ"

သထုံခရိုင်၊ ဘားအံမြို့နယ် KNU ရဲ့ တပ်ရင်း (၁) နယ်မြေအတွင်း နယ်ခြားစောင့်တပ် BGF နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ တာဝန်ကနေ ထွက်ပေးဖို့ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့နဲ့ စခန်းတွေထဲကနေ မိသားစုတွေပါ ထွက်ပေးကြဖို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေကြတဲ့ အရပ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း လက်ရှိတာဝန်တွေကနေ နုတ်ထွက်ကြဖို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်ကလည်း (မူတြော်ခရိုင်) ဖာပွန်မြို့နယ်ထဲက စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၁၀ ရက်အတွင်း ထွက်ခွာကြဖို့ (KNU\KNLA) တပ်မဟာ (၅) က ကြေညာထားပါတယ်။