ဒူးပလာယာခရိုင်ထဲ ည ၇ နာရီနောက်ပိုင်း မသွားလာကြဖို့ KNU သတိပေး

2022.04.18
ဒူးပလာယာခရိုင်ထဲ ည ၇ နာရီနောက်ပိုင်း မသွားလာကြဖို့ KNU သတိပေး KNU-တပ်မဟာ ၆ ၊ ဒူးပလာယာခရိုင်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း တပ်ဖွဲ့များအား ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင်အတွင်း ည ၇ နာရီနောက်ပိုင်း အသွားအလာမလုပ်ကြဖို့ ဧပြီလ ၁၈ ရက် ဒီနေ့မှာ KNU က သတိပေးချက် ထုတ်ပြန်ပါတယ်။

ခရီးသွားသူတွေအနေနဲ့ နေ့ဘက်မှာပဲ သွားလာကြဖို့နဲ့ စစ်ဆေးရေးဂိတ်တွေကို ကြည်ဖြူစွာ နဲ့ အစစ်ဆေးခံပေးကြဖို့၊ ကားမှန်တံခါးတွေကို ချထားဖို့အပြင် ဆိုင်ကယ်ဦးထုပ်တွေကိုပါ ချွတ်ပေးကြဖို့လည်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

စစ်ကောင်စီဘက်က ခရီးသွားပြည်သူတွေကို အကာအကွယ်ယူပြီး ထိုးစစ်ဆင်တာကို ကာကွယ်ဖို့ သတိပေးချက်ထုတ်ပြန်တာလို့ KNU ရဲ့ ဗဟိုနိုင်ငံခြားရေးတာဝန်ခံ ပဒို စောတောနီးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီက သူ့ဟာသူ စစ်ယာဉ်တန်းတွေနဲ့ ဗြောင်ကျကျ သွားမယ်ဆို တောက် လျှောက်အတိုက်ခံနေရတာ။ အဲဒါကို ပြည်သူလူထုကို အကာအကွယ်ယူပြီး လုပ်လာ တဲ့ဟာ များလာတာကြောင့် ဒီလိုမဖြစ်ဖို့ ကြိုတင်ကာကွယ်တဲ့သဘော ဖြစ်ပါတယ်”

တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်-မြဝတီ (အာရှလမ်းမကြီး) နဲ့ မြဝတီ-ဝေါလေ လမ်းပိုင်းတွေမှာ ကားတွေ ဖြတ်သန်းသွားလာတာတွေကို မတ်လ ၂၇ ရက်နေ့ကတည်းက ယာယီရပ်ဆိုင်းလိုက်တယ်လို့ KNU က ထုတ်ပြန်ကြေညာထားပါတယ်။

မတ်လအစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ KNLA အပါအဝင် ဒေသတွင်း ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ကော့ကရိတ် မြို့နယ်ထဲမှာရှိတဲ့ ရွာပေါင်း ၂၁ ရွာက ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။