ကိုမြအေး ကျန်းမာရေး ဆိုးရွားလာလို့ အပြင်ဆေးရုံမှာ ကုသနေရ
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကတည်းက အဖမ်းခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးဟာ အင်းစိန်အကျဉ်းထောင်ထဲမှာ ကျန်းမာရေး ဆိုးရွားလာတာကြောင့် အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး ပြင်ပဆေးရုံတစ်ခုမှာ ဆေးကုသနေရတယ်လို့ ရှေ့နေက ပြောပါတယ်။
"၁၁ ရက်နေ့ နေ့လယ် ၃ နာရီခွဲလောက်က ဆေးရုံရောက်တယ်၊ ရောက်ပြီးတော့ ရှေ့နေနဲ့ တွေ့ခွင့် တောင်းတယ်၊ ကျမကို လှမ်းအကြောင်းကြားလို့ ဆေးရုံတက်ဖို့ ဝေယျာဝစ္စတွေ အကုန်လုပ်ပေးခဲ့တယ်၊ ထောင်ထဲမှာတော့ ခြေထောက်က ပိုးစဝင်တာ ၇ ရက်နေ့ကတည်းက ထောင်ဆရာဝန်ကြီးနဲ့ ပြနေတာ၊ ထောင်ဆရာဝန်ကြီးက ထောင်ဆေးရုံကို တက်ခိုင်းတယ်၊ သူကတော့ မတက်ခဲ့ဘူး၊ ဒါပေမဲ့ ထောင် ဆရာဝန်ကြီးကတော့ နေ့တိုင်း ဦးမြအေးအဆောင်ကို သွားကုပေးတယ်၊ ၁၀ ရက်နေ့ညမှာတော့ နောက်ဖေးသွားချိန် အဆောင်နဲ့ ကြားထဲက လမ်းမှာပဲ သတိလစ်သွားတာ" လို့ ကိုမြအေးရဲ့ ရှေ့နေ ဒေါ်သဉ္ဇာဦးက RFA ကို ပြောပါတယ်။
ပိုးဝင်ပြီးနောက် ညာဘက် ခြေဖမိုးယောင်ကိုင်းပြီး ပေါင်ရင်းမှာ အကျိတ်တော်တော်ကြီးသွားတာကြောင့် အကျိတ်ထဲက ပြည်တွေကို ဆေးထိုးအပ်နဲ့ ထုတ်ယူခဲ့ရသလို ဆေးရုံကို စရောက်ကတည်းက ပိုးသတ်ဆေး တစ်နေ့ကို ငါးလုံး ထိုးနေရတာ အလုံး ၁၀၀ ကျော်နေပြီလို့ ဒေါ်သဉ္ဇာဦးက ဆိုပါတယ်။
လက်ရှိ ခြေထောက်အယောင် အနည်းငယ်သက်သာလာပြီး လမ်းစ လျှောက်နိုင်လာပြီဖြစ်တာကြောင့် ခွဲစိတ်စရာတော့ မလိုတော့ဘူးလို့ ဆရာဝန်တွေရဲ့ရှင်းပြမှုအပေါ် ဒေါ်သဉ္ဇာဦးက ပြန်ပြောပြပါတယ်။
"ကိုမြအေးကို ရုံးချိန်းတိုင်းမှာလည်း မြင်နေရတယ်၊ အရင်လည်းမြင်နေကျဆိုတော့ ဆေးရုံရောက်တဲ့နေ့ တွေ့ရချိန်မှာ အခြေအနေ တော်တော်ဆိုးနေတာ အရမ်းစိုးရိမ်သွားတယ်၊ ခြေထောက်ကြီးကလည်း ယောင်ကိုင်းနေတာပဲ၊ အောက်တိုဘာလ ၁၁ ရက်နေ့သာ ဆေးရုံမရောက်ခဲ့ရင် ကိုမြအေးဟာ သေရင်သေ၊ မသေရင် ခြေထောက်ဖြတ်ပစ်ရမယ်၊ နှလုံးခွဲစိတ်ထားရတယ်၊ အခုလည်း အရေပြားနဲ့ အရိုးကြားထဲအထိ ပိုးရောက်ခဲ့တာဖြစ်ပြီး အပေါ်သာ ဆက်ရောက်မယ်ဆိုရင် နှလုံးကိုဒုက္ခပေးပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်လို့ ဆရာဝန်တွေကပြောတယ်" လို့ ရှေ့နေ ဒေါ်သဉ္ဇာဦးက ပြောပါတယ်။
ကိုမြအေး ကတော့ အပြင်မှာရှိတဲ့ လူအားလုံးကို စိုးရိမ်နေကြောင်း ရှေ့နေကတစ်ဆင့် ပြောလိုက်သလို လက်ရှိခံစားနေတဲ့ ရောဂါလုံးဝသက်သာမှပဲ ထောင်ထဲ ပြန်သွားချင်ကြောင်း သက်ဆိုင်ရာကို တင်ပြထားတယ်လို့လည်း ဆိုပါတယ်။
ကိုမြအေး ဟာ ၅၀၅ (ဂ)နဲ့ တရားစွဲခံထားရပြီး အင်းစိန်ထောင်ထဲမှာ တရားရင်ဆိုင်နေရတာဖြစ်သလို စစ်ကောင်စီဘက်က တင်ပြတဲ့ တရားလိုတွေကို ပြီးပြတ်အောင် မစစ်ရသေးတာကြောင့် အမိန့်ချဖို့ အချိန်လိုနေသေးတယ်လို့ ရှေ့နေ့က ပြောပါတယ်။