ဩဂုတ်လ ၁၀ ရက် ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ကုန်းသာရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းသုံး တိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး လူတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူ နှစ်ဦးဟာ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ အဖွဲ့တာဝန်ရှိသူက အတည်ပြု ပြောဆိုပါတယ်။ ဒီတိုက်ပွဲကြောင့် ကုန်းသာ၊ ရွာသစ်၊ ငှက်ပျောတောနဲ့ ကွမ်းအုံရွာက အရပ်သား တစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ကုန်းသာရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေသုံးပြီး ကျေးရွာတွေကို နာရီဝက်လောက်ကြာအောင် လှည့်ပတ်ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်းသာရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“ညောင်လှရွာနဲ့ မူးဆုံရွာကနေ ခြေကျင်တက်လာတဲ့ စစ်သားတွေနဲ့ ကာကွယ်ရေး အဖွဲ့တွေက ကုန်းသာရွာနားမှာ တိုက်ပွဲဖြစ်တာ၊ စစ်ကောင်စီဘက်က အရေးနိမ့်တဲ့ အချိန်မှာ စစ်ရဟတ်ယာဉ်တွေ အကူရောက်လာတယ်။ ပစ်တယ်။ တစ်မနက်တည်းကို နှစ်ကြိမ် လာတာပဲ၊ လူချတယ်၊ ပတ်ပြီး ပစ်တယ်၊ ပစ်တာမှ ရက်ရက်စက်စက်ကို ပစ်တာ။ လမ်းတွေ၊ ကားတွေ၊ ဆေးရုံတွေပါ အကုန်ပစ်တာ"
ရုတ်တရက် ရဟတ်ယာဉ်တွေရောက်လာပြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် အများစုက ကိုယ်လွတ်ရုန်း ထွက်ပြေးနိုင်ပေမယ့် သက်ကြီးရွယ်အိုတချို့နဲ့ ကျန်းမာရေး မကောင်းသူတချို့လည်း ကုန်းသာရွာထဲမှာ ကျန်နေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် သေဆုံးထိခိုက် အခြေအနေကို ချက်ချင်း မသိနိုင်သေးဘဲ အခြေအနေ တည်ငြိမ်သွားမှ ရွာတွေထဲ ပြန်ဝင်ကြည့်ရမယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လတ်တလောမှာတော့ ကွမ်းအုံရွာက ကျေးရွာဆေးရုံ ထိခိုက်ပျက်စီးသွားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင် ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ PDF တွေ ပုန်းခိုနေတာ၊ စစ်သင်တန်းပေးနေတာတွေ ရှိတဲ့အတွက် တိုက်ခိုက်နှိမ်နင်း ရတာလို့ အရင်ကမေးမြန်းချက်တွေမှာ ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။
ဒီမနက် ကုန်းသာရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရေဦးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့က ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်သား ၁၀၀ ဝန်းကျင်လောက် ကုန်းသာရွာထဲမှာ အခုချိန်ထိ တပ်စွဲထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ဟာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး စစ်တပ် စစ်ကြောင်းထိုးလာတဲ့အချိန်ဆိုရင် ဖုန်းလိုင်းတွေပါ မကြာခဏ ဖြတ်တောက်ခံရလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဩဂုတ်လ ၃ ရက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် တစ်သန်းနှစ်သိန်းကျော် ရှိနေပါပြီ။