ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် ဒေးဒနောရွာက ဒေသခံတွေကို နိုဝင်ဘာ ၁၄ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ လာရှာရင်း မတွေ့ခဲ့လို့ နေအိမ်နှစ်လုံးကို မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီနေ့ မနက် ၂ နာရီဝန်းကျင်မှာ စစ်ကားနှစ်စီးနဲ့ အင်အား ၄၀ ဝန်းကျင်ရောက်လာပြီး အိမ်တစ်အိမ်က လူငယ်တစ်ယောက်ကို လာရှာတာကနေ မတွေ့တဲ့အတွက် မီးရှို့သွားတာလို့ ဒေသခံက ဆိုပါတယ်။
"စစ်ကား နှစ်စီးနဲ့ လာတယ်။ မီးမရှို့ခင် အိမ်ထဲကို သေနတ်နဲ့ ၈ ချက်လောက်ပစ်ပြီးမှ မီးရှို့တာလို့ ပြောတယ်။ မီးရှို့ခံရတာက ဦးလှစိုး နေအိမ်နဲ့ မောင်ဝိုင်းချစ် နေအိမ်"
အဲဒီအိမ်မှာ မောင်ဝိုင်းချစ်နဲ့ သူ့မိခင်ဖြစ်သူ သားအမိတို့ နေထိုင်ပြီး သူတို့လည်း ရှောင်တိမ်းနေခဲ့ကြတယ်လို့ ဒေသခံက ပြောပါတယ်။
သူတို့တွေကို စစ်ကောင်စီတပ်တွေက ဘာကြောင့်လာရှာရတယ် ဘာကြောင့်နေအိမ်တွေ မီးရှို့ခဲ့သလဲဆိုတာ တွေကို RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ်ထဲ ကင်းလှည့်နေတဲ့ စစ်ကားတစ်စီး တိုက်ခိုက်ခံရ ပြီးနောက် အင်္ဂလုံးရွာနဲ့ ဒေးဒနောရွာက ဒေသခံတချို့ ဖမ်းဆီးခံရသူတွေရှိခဲ့သလို ဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာလည်း ၂ ယောက်သေဆုံးခဲ့ရပါတယ်။