ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ကို တပ်မတော် ထိန်းချုပ်ထား

ကံသာ
2020.03.26

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူသိများတဲ့ ကွတ်ခိုင်မြို့နယ်အခြေစိုက် တပ်ဖွဲ့ဝင်အင်အား တစ်ထောင်နီးပါးရှိတဲ့  ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ကို တပ်မတော်က ဝင်ရောက်စီးနင်းသိမ်းပိုက်လိုက်ပြီး ခေါင်းဆောင်တချို့လည်း ထိန်းသိမ်းစစ်ဆေးနေပါတယ်။

ကွတ်ခိုင်မြို့နယ်က ကောင်းခါးပြည်သူ့စစ်ဌာနချုပ်နေရာကို တပ်မ ၉၉ တပ်ဖွဲ့ဝင်တွေက မတ်လ ၂၄ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီးတော့ လက်နက်အပ်ဖို့ညွှန်ကြားတယ်လို့ ထိန်းချုပ်ခံလိုက်ရတဲ့ ကောင်းခါးအဖွဲ့က အရာရှိ ငယ်တစ်ဦးက RFA ကို ဒီနေ့ မတ်လ ၂၆ ရက်နေ့မှာ အတည်ပြုပါတယ်။

ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်အချို့ကို တပ်မတော်က ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းခံနေရတယ်လို့ အမည် မဖော်လိုတဲ့ ကောင်းခါးအရာရှိက ဆက်ပြောပါတယ်။

KDA အဖွဲ့ ဒုဥက္ကဋ္ဌ ၁ ဦးဇော်ရင် ကတော့ ကောင်းခါးဌာနချုပ်မှာပဲရှိနေပြီး အထွေထွေအတွင်းရေးမှူး ဦးဒီးခွန်နဲ့ ခေါင်းဆောင်နောက်တစ်ဦးဖြစ်တဲ့ ဦးဇုန်မ်ခေါ ကိုတော့ ဆွေးနွေးစရာရှိလို့ဆိုပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် မှာ စစ်ဆေးခံနေရတယ်လို့ ဆိုပါတယ်။ လတ်တလောမှာ ထိန်းသိမ်းခံထားရတဲ့ခေါင်းဆောင်ပိုင်းနဲ့ တပ်ဖွဲ့ဝင် ဆယ်ဦးကျော်တယ်လို့ ခန့်မှန်းထားပြီး၊ တပ်ဖွဲ့ ဖရိုဖရဲဖြစ်နေလို့ အရေအတွက်တိတိကျကျမသိနိုင်ဘူးလို့ ကောင်းခါးအရာရှိငယ်ကပြောပါတယ်။

ကောင်းခါးအဖွဲ့ကို လက်နက်အပ်ခိုင်းပြီး ခေါင်းဆောင်ပိုင်းတွေကို စစ်ဆေးနေတဲ့ကိစ္စကို  မသိရေသေးကြောင်းနဲ့ အဲဒီဒေသမှာ မူးယစ်ဆေးနဲ့ပတ်သက်ပြီး သတင်းပေးဖို့ ပျက်ကွက်သူတွေကို အရေးယူဖို့လုပ်နေတာတော့ ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။

ယိမ်း မော၊ ဟိုဖျက်ရွာက ခေါင်းဆောင်နဲ့ တပ်ဖွဲ့ဝင်တွေ မူးယစ်ဆေးတွေ အများများအပြားမိခဲ့တဲ့ လွယ်ခမ်ရွာက ခေါင်းဆောင်ပိုင်းနဲ့ တပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးသတင်းပေးဖို့ ပျက်ကွက်တာ၊ မူးယစ်ဆေးထုတ်လုပ်ရာမှာ ပါဝင်တာ စတဲ့စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။ လွယ်တောက်ရွာက တပ်ဖွဲ့ဝင်တွေကိုတော့ မနေ့ကတည်းက လက်နက်တွေအပ်ဖို့ဆိုပြီး လားရှိုးက ခလရ ၄၁ တပ်မှာ ခေါ်ယူ စစ်ဆေးနေတယ်လို့လည်းပြောပါတယ်။

ကောင်းခါးရွာ အဝင်အထွက်လမ်းတွေကို တပ်မတော်က ဒီနေ့အထိ ပိတ်ထားလိုက်ပြီးတော့ သွားလာမှုတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေလုပ်နေတယ်လို့ ကွတ်ခိုင်ဒေသခံတွေကပြောပါတယ်။

ကောင်းခါးကျေးရွာအုပ်စုနဲ့ လွယ်ခမ်ကျေးရွာအုပ်စုသွားတဲ့လမ်းတွေကို တပ်ကပိတ်ထားလို့ သွားလာရေးခက်ခဲ နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ကချင်တိုင်းရင်းသားတွေရဲ့ ခရစ်ယာန်ဘာသာ ဆုတောင်းတောင်ကုန်း ပေါ်မှာ တပ်ကစခန်းချဖို့လုပ်နေတာတွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကောင်းခါးအဖွဲ့အရာရှိကတော့ လက်ရှိတပ်မတော်က သိမ်းဆည်းရမိတဲ့ ကောင်းခါအဖွဲ့ပိုင်လက်နက်အသစ်တွေ ဟာ နိုင်ငံတော်ကိုပုန်ကန်ဖို့မဟုတ်ဘဲ မိမိဒေသလုံခြုံရေးအတွက် ဝယ်ယူထားတာဖြစ်တယ်လို့ ပြောပါတယ်။ မူးယစ်ဆေးကိစ္စနဲ့ ဆက်စပ်သူတွေကို အရေးယူတာသဘောတူပေမယ့် လက်နက်ဖြုတ်သိမ်းတဲ့အထိ မလုပ်စေ ချင်ဘူးလို့ သူကဆိုပါတယ်။

ဒေသခံတချို့ကတော့ မူးယစ်ဆေးနဲ့ လက်နက်တွေမိတဲ့ လွယ်ခမ်ကျေးရွာဟာ ကိုးကန့်တိုင်းရင်းသားတွေ အများစုနေထိုင်တာဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်ဆက်စပ်မှုကို တပ်ကသတင်းရလို့ အရေးယူတာ ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။

လက်ရှိပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ လွယ်တောင်ကျေးရွာတဝိုက်မှာတော့ တအာင်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ TNLA နဲ့ ကိုးကန့်အဖွဲ့တွေ လှုပ်ရှားလေ့ရှိပါတယ်။ ဒီနှစ်ဖွဲ့နဲ့ ဒေသခံပြည်သူ့စစ်က တိုက်ပွဲတော့ မဖြစ်ကြပါဘူး။ တပ်က အခုလိုဝင်သိမ်းလို့ ပြည်သူ့စစ်တွေမရှိတော့ရင် တပ်နဲ့ TNLA/ ကိုးကန့်အဖွဲ့တွေ တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

KDA အသွင်ပြောင်း ကောင်းခါးပြည်သူ့စစ်အဖွဲ့ဟာ ရှမ်းမြောက်ဒေက လားရှိုး၊ ကွမ်လုံ၊ သိန္နီ၊ မူဆယ်၊ ကွတ်ခိုင် စတဲ့ငါးမြို့နယ်မှာ ဆက်ဆံရေးရုံးတွေ ဖွင့်ထားပါတယ်။ ဒီအဖွဲ့ဟာ တပ်မတော်အစိုးရလက်ထက် ၁၉၉၁ တုန်းက ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ပါ။ မှတ်ပုံတင်ပြည်သူ့စစ်စာရင်းမှာ ကောင်းခါးအဖွဲ့က အင်အား ၈၅၀ ရှိတယ်လို့ ဖော်ပြပြီး အရန်အင်အားနဲ့ဆိုရင် နှစ်ထောင်ကျော်ပါတယ်။

တပ်မတော်က ပြီးခဲတဲ့ဖေဖော်ဝါရီလကကနေစတင်ပြီး ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာအုပ်စုနဲ့ လွယ်ခမ် ကျေးရွာတွေမှာ ကျပ်ငွေဘီလီယံတစ်ရာကျော် တန်ကြေးရှိတဲ့မူးယစ်ဆေးတွေ ပြည်သူ့စစ်တံဆိပ်ပါလက်နက်တွေ ကို ဖမ်းဆီးရမိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။