ကွတ်ခိုင်မှာ လက်နက်ကြီးကြောင့် စစ်ဘေးဒုက္ခသည် နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာပြင်းထန်

ကွတ်ခိုင်မြို့နယ် ကာလိုင်ရွာ စစ်ဘေးဒုက္ခသည်စခန်းမှ လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် နေအိမ်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ တွေ့ရစဥ်
ကွတ်ခိုင်မြို့နယ် ကာလိုင်ရွာ စစ်ဘေးဒုက္ခသည်စခန်းမှ လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် နေအိမ်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ တွေ့ရစဥ် (Photo: Citizen Journalist)

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာရှိတဲ့ ကာလိုင်ရွာ စစ်ဘေးဒုက္ခသည်စခန်းမှာ ဇွန်လ ၁၇ ရက် ဒီနေ့မနက် ၁၀ နာရီကျော်လောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့တဲ့အတွက် ဒုက္ခသည်နှစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စခန်းမှာ နေထိုင်သူတွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

လက်နက်ကြီးနှစ်ချက်မှာ တစ်ချက်က နေအိမ်ပေါ်တည့်တည့် ကျရောက်လာတာလို့ အဲဒီစခန်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“တစ်ခုက နေအိမ်မှာကျလို့ သားအမိနှစ်ယောက်တော့ ပွဲချင်းပြီး ဆုံးသွားပြီ။ ဒဏ်ရာ ရတဲ့တစ်ယောက်လည်း ဒဏ်ရာပြင်းထန်တယ်။ သူ့ကိုတော့ အမြန်ကုသပေးရင် ကောင်းမယ်။ အခုထိတော့ ကူညီမယ့်သူတွေ ဘယ်သူမှ မရှိသေးဘူး။ ကျနော်တို့ စခန်းကဟာတွေလည်း လုပ်နေကြတယ်။ လက်နက်ကြီးက ဘယ်က ပစ်တာလဲတော့ ကျနော်တို့မသိဘူး”

သေဆုံးခဲ့ရသူတွေဟာ အသက် ၅၆ နှစ်အရွယ် ဒေါ်နန်လိုင်နဲ့ သမီးဖြစ်သူ အသက် ၂၈ နှစ်အရွယ် မူကြိုကျောင်း ဆရာမ ဒေါင်နော်တို့ ဖြစ်ပါတယ်။ ဒဏ်ရာအပြင်းအထန် ရရှိသွားသူကတော့ အသက် ၈၁ နှစ်အရွယ် ဦးဒွမ်ဖောင်လအောင် ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီလက်နက်ကြီးဟာ ကွတ်ခိုင် စစ်ကောင်စီတပ် ဗျူဟာကုန်းဘက်ကနေလာတဲ့ လက်နက်ကြီးဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ကွတ်ခိုင်ဘက်ကနေ လက်နက်ကြီးနှစ်လုံး ကျလာတယ်။ ကျမတို့ လောလောဆယ် သိရတာ KBC စခန်းက နှစ် ယောက်။ ဒဏ်ရာရသူလည်း ရှိတယ်လို့ ဖုန်းနဲ့ပဲပြောနေ တာ။ အခု ကတုတ်ကျင်းထဲမှာ ကျမတို့ အပြင်ကိုမထွက်ရဲကြသေးဘူး၊ သွားလည်း မကြည့်ရဲသေးဘူး။ သားအမိနှစ်ဦးကတော့ သေချာပြီ ဆုံးတာ”

ဒုက္ခသည်စခန်းကို ကျရောက်လာတဲ့ အဲဒီလက်နက်ကြီးဟာ ကွတ်ခိုင်ဘက်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးလို့ ပြောဆိုတာနဲ့ ပတ်သက်လို့ RFA အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဇွန်လ ၁၆ ရက် မနေ့ နေ့လယ် ၁ နာရီ ဝန်းကျင်က ကာလိုင်ကျေးရွာအုပ်စု ကုန်းချမ်းရွာ စာသင်ကျောင်းအနီး စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် ဒီနေ့မနက်မှာတော့ ကာလိုင်ကျေးရွာအုပ်စုအတွင်းမှာ တိုက်ပွဲဖြစ် တာမရှိဘဲ လက်နက်ကြီးကျလာတာလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ဇွန်လ ၁၇ ရက်နေ့ ဒီမနက်ပိုင်း ၉ နာရီလောက်မှာတော့ တအာင်းအမျိုးသားလွတ် မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့တွေက ကွတ်ခိုင်မြို့အထွက်ကနေ စစ်ကောင်စီ ဗျူဟာတပ်စခန်းကို အဝေးကနေ ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်သံတွေကို ကြားနေရတယ်လို့ ကွတ်ခိုင် ဒေသခံ တစ်ဦးက ပြောပါတယ်။

မနက် ၁၀ နာရီကနေ နေ့လယ် ၁၂ နာရီလောက်အထိ စစ်ကောင်စီတပ်စခန်းက လက်နက်ကြီး ခြောက်ကြိမ်အပြင် လက်နက်ငယ်တွေနဲ့ပါ ပြန်လည်ပစ်ခတ်သံကို ကြားခဲ့ရတယ်လို့လည်း နောက်ထပ် ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

နေ့လယ်ပိုင်းမှာ မြို့ပေါ်က စာသင်ကျောင်းတွေကို စောစောဆင်းပေးလိုက်ပြီး မြို့သူ မြို့သားတွေလည်း တိုက်ပွဲ တွေ ဆက်ပြင်းထန်လာမှာကို စိုးရိမ်နေကြတာကြောင့် အခြေအနေတွေကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းက လက်နက်ကြီးထိလို့ သေဆုံးဒဏ်ရာရသူတွေကို ကူညီဖို့ သွားတဲ့ ကွတ်ခိုင်မြို့ ပေါ်က လူမှုကူညီရေးအဖွဲ့အချို့လည်း နေ့လယ်ပိုင်းအထိ လမ်းမှာ ပိတ်မိနေပြီး ဒုက္ခသည်စခန်းကို မရောက် နိုင်သေးဘူးလို့ ကူညီဖို့သွားတဲ့အထဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“တစ်ဖက်က KIA၊ တစ်ဖက်က စစ်တပ်နဲ့ အတော်လေး တင်းတင်းမာမာဖြစ်နေတာ။ ကျမတို့လည်း ကြားထဲမှာ ရောက်နေတယ်။ ဒုက္ခသည်စခန်းကို မရောက်သေးဘူး။ အလောင်းတွေလည်း မသယ်ထုတ်နိုင်သေးဘူး။ ဖြစ်နိုင်ရင် နှစ်ဖက်အဖွဲ့တွေက နားလည်ပေးစေချင်တယ်။ ဒဏ်ရာရသူလည်းရှိတော့ ဆေးရုံပို့ဖို့လိုတယ်”

ကာလိုင်ကျေးရွာ ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၁၂၀၀ ဝန်းကျင် နေထိုင်နေကြတာပါ။ အဲဒီဒုက္ခသည်တွေဟာ ၂၀၁၂ ခုနှစ်က ကွတ်ခိုင်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) နဲ့ စစ်တပ်အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာကြသူတွေ ဖြစ်ပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်းမှာ ဇွန်လ ၁၅ ရက်နေ့စပြီး စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ ကြား တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) တပ်ဖွဲ့တွေနဲ့ ပါ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ တွေကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။