ကျိုက်နဲ ရေလယ်ဘုရားပွဲလာသူတချို့ ရေနစ်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ကျိုက်နဲရေလယ်ဘုရားပွဲကို လာရောက်ဘုရားဖူးကြသူတွေ ရေနစ်ခဲ့ကြရာ ကနဦး ရုပ်အလောင်း ၁၅ ခု ဆယ်ယူရရှိထားတယ်လို့ ပါဝင်ကူညီနေတဲ့ ပရဟိအဖွဲ့တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၁ ရက် ဒီနေ့မနက်ပိုင်းလောက်က ကျိုက်နဲရေလယ်ဘုရားက ခုလိုရာသီမျိုးမှာ ရေတိမ်ထဲ လမ်းလျှောက်သွားလို့ရတဲ့ နတ်လမ်း (ဒေသအခေါ်) ရေတိမ်တဲ့နေရာမှာ ရုတ်တရက် ရေကြီးလာတဲ့အတွက် ရေနစ်ကုန်ကြတာလို့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။
ကနဦးသတင်းတွေအရ စက်လှေမှောက်လို့ ဘုရားဖူးသူတွေ ရေနစ်ကုန်တယ်လို့ သတင်းရထားပေမယ့် စက်လှေမှောက်တာ မဟုတ်ဘူးလို့လည်း ရှင်းပြပါတယ်။
ဒီနေ့ မွန်းတည့်ချိန်အထိ ဆယ်ယူရရှိတဲ့ စာရင်းအရ ရုပ်အလောင်း ၁၅ လောင်းကို ကနဦး ရှာဖွေတွေ့ထားပြီး ဘုန်းကြီး အလောင်း နှစ်လောင်း၊ အမျိုးသမီး အလောင်း ၁၂ လောင်း အမျိုးသား တစ်လောင်းတို့ကို ဆယ်ယူရရှိထားတယ်လို့ ပြောပါတယ်။
ဘုရားဖူးလာကြသူတွေက များလွန်းတဲ့အတွက် နောက်ထပ်ရေနစ်တဲ့သူတွေ ဘယ်လောက်ရှိဦးမယ်ဆိုတာ မသိရသေးသလို ကျန်နေသေးတဲ့ ရုပ်အလောင်းတွေကို သံဖြူဇရပ်၊ မုဒုံမြို့နယ်တို့က ပရဟိတအဖွဲ့တွေက ဆက်လက်ရှာဖွေနေကြပါတယ်။
ကျိုက်နဲရေလယ်ဘုရားဟာ တစ်နှစ်တစ်ကြိမ် ဘုရားဖူးသူအများအပြား လာရောက်လေ့ရှိပြီး တန်ဆောင်မုန်း လပြည့်ကျော် ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ စည်ကားလေ့ရှိပါတယ်။