ကျောက်ကြီးနဲ့ မုန်းမြို့မှာ တိုက်ပွဲကြောင့် ရွာသား ၁၆,၀၀၀ ကျော် ထွက်ပြေးနေရ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့နဲ့ ကျောက်ကြီးမြို့အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်တွေ ဇွန်လ ၂၇ ရက် ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေဖြစ်နေလို့ ရွာပေါင်း ၃၀ က ဒေသခံရွာသား ၁၆,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခလရ (၆၀) ခြေလျင်တပ်ရင်းက စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒေသခံရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ကရင်လူမှုရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ရွာ ၃၀ ထဲက တချို့ရွာတွေနား တိုက်ပွဲတွေဖြစ်တယ်၊ အခုလက်ရှိအခြေအနေကတော့ လူထုတွေက စိုးရိမ်စိတ်နဲ့ ဘေးလွတ်ရာကို ပြောင်းနေကြတယ်။ စစ်တပ်က လူအင်အား တိုးချဲ့နေပြီး စစ်ကြောင်းတွေ ထိုးနေတော့ လူထုက စိုးရိမ်စိတ်ရှိနေကြတာပေါ့“

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ မုန်းမြို့နယ်အတွင်းက နောင်ကုန်းရွာနဲ့ ရန်မျိုးအောင်ရွာ၊ ကျောက်ကြီးမြို့နယ်အတွင်းက ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ညောင်ကုန်း၊ ညောင်တန်း၊ နရွဲပင်၊ ကြို့ကုန်း၊ အင်းနက်၊ သဲကုန်း၊ ဝဲလဗျင်း၊ အောက်ချင်းကုန်း၊ လှည်းလမ်းကုန်း၊ စပ်လဲ၊ မတောကုန်း၊ လော်မူသော၊ လော်မူပယ်၊ ရွာကန့်လန့် စတဲ့ ရွာပေါင်း ၃၀ က လူဦးရေ စုစုပေါင်း ၁၆,၁၃၇ ဦး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်ကောင်စီတပ်က ခလရ (၆၀) ခြေလျင်တပ်ရင်းနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အဖွဲ့တို့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က ရှစ်ဦး သေဆုံးခဲ့ပြီး KNDO ဘက်က ထိခိုက်သေဆုံးတာမရှိဘူးလို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေလို့ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် တွေအတွက် အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေ လိုအပ်တယ်လို့ ဒေသခံတစ်ဦးက လည်း ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကနေ ဇွန်လ ၂၄ ရက်ကစပြီး ဇွန်လ ၂၉ ရက် ဒီနေ့အထိ အဲဒီရွာတွေ အနီးနားကို နေ့ညမပြတ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့လည်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခုလို KNU ရဲ့ ထုတ်ပြန်ချက်အပါအဝင် အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးဘဲ စစ်ကောင်စီဘက်က ထုတ်ပြန်တာလည်း မတွေ့ရသေးပါဘူး။