ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေက စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကျောင်းသူနှစ်ဦးအပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ထုတ်ပြန်ထားပါတယ်။
ကျောင်းသူနှစ်ဦးအပါအဝင် အရပ်သားသုံးဦးသေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ TWO အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ညနေငါးနာရီလောက်က လေယာဉ်နဲ့လာပစ်သွားတယ်။ ဂျက်ဖိုက်တာလို့တော့ ပြောတယ်။ ကျောင်းသူနှစ်ယောက်ပါတယ်၊ အဖိုးတစ်ယောက်ပါတယ်။ ဒဏ်ရာရတဲ့သူတစ်ယောက်လဲ ပါတယ်။ ဒါပေမဲ့ ကျွန်မတို့က အတိအကျတော့မရသေးဘူး။ အဲဒီမှာရှိတဲ့ ရွာသားတွေက အကုန်လုံး လက်ဖက်ခြံထဲ ပြေးကုန်တော့ ဘယ်သူမှ သွားမကြည့်ရဲဘူး။"
အသက် ၁၄ နှစ်အရွယ် ခုနစ်တန်းကျောင်းသူ လွေးမေသဇင်မွန်း၊ အသက် ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသူ လွေးမေမြတ်မွန်းနဲ့ အသက် ၆၀ အရွယ် အဖိုးအိုတစ်ဦးတို့ ဗုံးထိမှန် သေဆုံးခဲ့တာလို့လည်း ပြောပါတယ်။
ဒီဇင်ဘာလ ၁၈ ရက် ညနေ ၅ နာရီ ဝန်းကျင်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးလာကြဲသွားတာဖြစ်ပြီး နေအိမ်သုံးလုံးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဟူးကွက်ရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာ၊ ကျောက်မဲမြို့ ခြေမြန်တပ်ရင်း (ခမရ) ၅၀၁၊ ၅၀၂ တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေအားလုံးနီးပါး ထွက်ပြေးနေရတယ်လို့လည်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ (၁၁) လအတွင်း အရပ်သား ၇၃၀ ဦးသေဆုံးခဲ့ပြီး တစ်ထောင့်သုံးရာနီးပါး (၁၂၉၂ ဦး) ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။