ကျောက်မဲ ဆေးရုံကို စစ်ကောင်စီ ဗုံးကြဲတာကြောင့် နှစ်ဦးသေ၊ နှစ်ဆယ်ကျော် ဒဏ်ရာရ

RFA Burmese
2025.01.25
ကျောက်မဲ ဆေးရုံကို စစ်ကောင်စီ ဗုံးကြဲတာကြောင့် နှစ်ဦးသေ၊ နှစ်ဆယ်ကျော် ဒဏ်ရာရ လေကြောင်းတိုက်ခိုက်ခံရသည့် ကျောက်မဲဆေးရုံကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
ရွှေဖီမြေသတင်းဌာန

Updated 12:19 PM Jan 26, 2025

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ဆေးရုံကို စစ်ကောင်စီတပ် ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး ဆေးရုံတက်နေတဲ့ လူနာတွေ အပါအဝင် လူ နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ နှစ်ဦးထဲမှာ လူနာတွေကို ဆေးကုပေးနေတဲ့ သူနာပြုဆရာမ တစ်ဦး ပါဝင်တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ကျောက်မဲ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆေးရုံရဲ့ ကလေးဆောင်နဲ့ လူနာလက်ခံတဲ့ဌာနတွေက အဓိကထိတယ်။ ဆေးရုံတက်နေတဲ့လူတွေ တော်တော်များများ ဒဏ်ရာရတယ်။ အသေးစိတ်ကတော့ အတိအကျပြောလို့မရသေးဘူး”

ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေ ရှိတာကြောင့် သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ ကျောက်မဲဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးသူတွေရှိကြောင်း အတည်ပြုပေမဲ့ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ RFA ကို ပြောပါတယ်။

ကျောက်မဲဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဇန်နဝါရီ ၂၅ ရက်နေ့ ညနေပိုင်းမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဆယ်ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့တုန်းကလည်း TNLA ထိန်းချုပ်တဲ့ ကျောက်မဲမြို့ အင်ကြင်းတောင်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာတော်အပါအဝင် ၁၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

တရုတ်ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်မယ်လို့ ၂၀၂၄ နိုဝင်ဘာလကုန်ပိုင်းမှာ TNLA ဘက်က ထုတ်ဖော်ပြောဆိုပြီးနောက်ပိုင်း စစ်ကောင်စီဘက်က TNLA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှု ခေတ္တရပ်ခဲ့ပေမဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ကစပြီး TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် ပန်ပေါင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပြန်လည်ဗုံးကြဲတိုက်ခိုက်လာပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ TNLA တို့ အပစ်အခတ် ရပ်စဲဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်နယ်မြေကို နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။