ခန္ဓာကိုယ်ကို မီးရှို့ဆန္ဒပြရင်း သေဆုံးသူ လွတ်လပ်စွာ သင်္ဂြိုဟ်ခွင့်မရ

မနေ့က ကျရောက်တဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း တစ်နှစ်ပြည့်နေ့မှာ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့က အသက် ၃၃ နှစ်အရွယ် ကိုအောင်အောင်ဟာ မိမိခန္ဓာကိုယ်ကို မီးရှို့ဆန္ဒပြခဲ့ပြီးတဲ့နောက် ဒဏ်ရာအပြင်းအထန်နဲ့ ညောင်ဦးမြို့ဆေးရုံမှာ မနေ့ညပိုင်းက ကွယ်လွန်သွားတာပါ။

ကိုအောင်အောင်ဟာ မနေ့မနက်ပိုင်းက ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်ရုံးရှေ့ လူမြင်ကွင်းမှာ ဓာတ်ဆီ အသင့်လောင်းလာတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို မီးခြစ်ခြစ်ပြီး ကိုယ်တိုင် မီးရှို့ ဆန္ဒပြခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ တစ်ကိုယ်လုံး မီးလောင် ဒဏ်ရာတွေ ရထားတဲ့ ကိုအောင်အောင် ကို အနီးစပ်ဆုံး ကျောက်ပန်းတောင်း ဆေးရုံထံ အရေးပေါ် ပို့ဆောင်ခဲ့ပေမယ့် လက်မခံတာကြောင့် ညောင်ဦးဆေးရုံကို ပို့ဆောင် လိုက်ရတာလို့ မိသားစုဝင်တွေနဲ့ သူရဲ့မိတ်ဆွေတွေက ပြောပါတယ်။

ဘာကြောင့် ကျောက်ပန်းတောင်းဆေးရုံက လက်မခံသလဲဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ ညောင်ဦးဆေးရုံကို တင်လိုက်ပြီးတဲ့နောက် ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ကြောင့် မနေ့ကညပိုင်းမှာပဲ ကိုအောင်အောင် ကွယ်လွန်သွားခဲ့တာပါ။

ဒီနေ့မှာတော့ ကိုအောင်အောင်ရဲ့ ရုပ်အလောင်းကို မိသားစုရှိရာ ‌ကျောက်ပန်းတောင်း နေအိမ်ထံ ပြန်သယ်ခွင့်မရဘဲ ညောင်ဦးမြို့သုဿန်မှာပဲ သင်္ဂြိုဟ်မယ့်အကြောင်း မိတ်ဆွေ တစ်ဦးက RFA ကို ပြောပါတယ်။

"ဒီနေ့တစ်ခါတည်း သင်္ဂြိုဟ်မှာတဲ့ ညောင်ဦးမှာပဲ။ ညောင်ဦးမြို့ဆေးရုံကို လွှဲပြီးတော့ ညနေ ၅ နာရီလောက်က ကျနော်တို့ ပြန်ပြီးကြားတာက စကားတွေ ဘာတွေ ပြောတယ်။ ရေတွေဘာတွ တောင်းပြီးတော့ သောက်သေးတယ်။ ည ၇ နာရီလောက်ကျတော့ ကျနော့်ကို အမေတို့ ဘာတို့ကနေတဆင့် ဆုံးသွားပြီလို့ ပြန်ပြီးကြားရတာပါခင်ဗျ။ သူက အသက်ရှင်တောင်မှ လူက ဒုက္ခိတဖြစ်မှာ။ ဘာလို့လဲဆိုတော့ အသားတွေ မီးလောင် ထားတာ ဆိုတော့ လူက ခြေတွေလက်တွေ ဆန့်မရတော့ဘူး ခင်​ဗျ"

ဒီနေ့မနက်ပိုင်း မိသားစုက ညောင်ဦးဆေးရုံကို လိုက်သွားချိန် ရုပ်အလောင်း ပြန်ထုတ်ယူဖို့ အတွက် တာဝန်ရှိသူတွေနဲ့ အချေအတင် ဆွေးနွေးခဲ့ရပြီး၊ ရုပ်အလောင်းပြန်ရခဲ့ပေမယ့် ကျောက်ပန်းတောင်းမြို့ထံ ပြန်သယ်ခွင့်မရဘဲ ညောင်ဦး မှာပဲ ဆွေမျိုးသားချင်း အနည်းငယ်နဲ့ မီးသင်္ဂြိုဟ်ခဲ့ရတာလို့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ပြောပါတယ်။

မနေ့ကဖြစ်စဉ်မှာ မီးလောင်နေတဲ့ ကိုအောင်အောင်ရဲ့ ခန္ဓာကိုယ်ကို အနီးအနားမှာ ရှိသူတွေက ရေတွေ၊ သဲတွေနဲ့ ဝိုင်းငြိမ်းသတ်ခဲ့ပေမယ့် ဓာတ်ဆီလောင်းထားတဲ့ အရှိန်ကြောင့် မျက်နှာ၊ ခြေလက်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားတွေ မီးလောင် ပျက်စီးခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

"အလုပ်တွေဘာတွေက သိပ်မလုပ်ဖြစ်ဘူးလေ။ အလုပ်တွေက နားထားတာဆိုတော့ ကြားရက်မှာလည်း အပြင်ဆိုဒ်တွေမှာ လက်ခံထားလို့ဆိုပြီး မြစ်အနောက်ဘက်ဆိုလား အဲဒီမှာသွားနေတာနဲ့ ညီအစ်ကိုချင်းတောင် အဆက်အသွယ်ပြတ်နေတာ။ ကိုယ့်အကို က အနေအထိုင် အေးတယ်လေ။ ဒီလိုမျိုးလုပ်သွားမယ် မထင်ထားဘူး။ အနားရောက်တော့ ကျ လူကိုမတွေ့လိုက်ဘူး။ မေးလိုက်တော့ အိဖြူစင်ကားနဲ့ ညောင်ဦး ပို့လိုက်ပြီဆိုတော့ အဲဒီကိုလိုက်သွားတယ်။ ဆေးရုံလိုက်သွားတော့ ကြည့်လိုက်တော့ မှတ်တောင် မမှတ်မိတော့ဘူး။ တစ်ကိုယ်လုံးလောင်ထားတာ"

စစ်အာဏာသိမ်း တစ်နှစ်တာကာလအတွင်း မြို့ပြသပိတ်နဲ့ လက်နက်ကိုင်တော်လှန်မှု များစွာ နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေပေမယ့် အခုလို ကိုယ်တိုင်မီးရှို့ဆန္ဒပြပြီး လူသေဆုံးခဲ့တာ ကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီဖြစ်စဉ်အပေါ် အမြင်သဘောထား သိနိုင်ဖို့နဲ့ ဘာကြောင့် ကိုအောင်အောင်ရဲ့ ရုပ်အလောင်းကို မိသားစုရှိရာ ကျောက်ပန်းတောင်းထံ ပြန်သယ်ယူခွင့် မပေးသလဲဆိုတာ သိနိုင်ဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အသက် ၃၃ နှစ်အရွယ် ကိုအောင်အောင်ဟာ ကျောက်ပန်းတောင်းမြို့မှာ သံပန်း၊ သံတံခါးလုပ်ငန်းနဲ့ အသက်မွေးသူဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့အတူ အသက် သုံးနှစ်နဲ့ ကိုးနှစ်အရွယ် သားသမီးနှစ်ဦး ကျန်ရစ်ပါတယ်။

ဘာကြောင့် ခန္ဓာကိုယ်ကို မီးရှို့ဆန္ဒပြခဲ့သလဲဆိုတာ အတိအကျ မသိရပေမယ့် သူဟာ စိတ်ကျန်းမာရေးကောင်းသူ တစ်ယောက်ဖြစ်တယ်လို့ မိသားစုဝင်တွေ၊ အိမ်နီးချင်းတွေက ပြောကြပါတယ်။ ဒါပေမဲ့ သူဟာ စစ်အာဏာသိမ်း တစ်နှစ်တာကာလအတွင်း လျှပ်စစ်မီး ပြတ်တောက်မှု အပါအဝင် အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ရတာမို့ မိသားစု စားဝတ်နေရေး ခက်ခဲတာမျိုးတော့ ရှိခဲ့တယ်လို့ ဆိုကြပါတယ်။

ကိုအောင်အောင် နေထိုင်တဲ့ ကျောက်ပန်းတောင်းမြို့မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစလို့ လျှပ်စစ်မီးပြတ်တောက်မှုတွေ များလာတဲ့အတွက် လျှပ်စစ်မီးသုံးပြီး လုပ်ကိုင်ရတဲ့ သူ့ရဲ့ သံပန်း သံတံခါးလုပ်ငန်း ပုံမှန်မလည်ပတ်နိုင်ဘဲ အခက်အခဲမျိုးစုံ ဖြစ်ခဲ့တယ်လို့ မိတ်ဆွေတစ်ဥိးက RFA ကို ပြောပြပါတယ်။

"တော်တော်ကို စိတ်ဆုံးဖြတ်ပြီးတော့ သူ ဒီလိုမီးရှို့သွားတယ်ဆိုတာကို လူတွေကို သိစေချင်တာလေ။ စာလေးပါ ရေးထားတာဆိုတော့။ အဲဒီစာလေးကို ကျောက်ခဲလေးနဲ့ ဖိပြီး ချထားတာ။ မီးပျက်လို့ စိတ်အဆင်မပြေတာ ဖြစ်ပြီးတော့ သူစိတ်ထွက်ပေါက် ရှာသွားတာပေါ့။ အမှန်တကယ် သတ်သေတဲ့နည်းတွေက အများကြီးရှိတာပဲ။ ကိုယ့်ကိုယ်ကို ကြိုးဆွဲချသေတာတို့၊ ဘာတို့။ ကိုယ့်ကိုယ်ကို အခုလို မီးလောင်ပြီး သတ်သေတာကို ရွေးတာက ကျနော့်အထင်ပြောရရင် ဆန္ဒပြရင်းလေ သူလောင်မြိုက် သလိုမျိုး မီးတွေဘာတွေ ရလာတယ်ဆိုပြီး လုပ်ပြသွားတယ်ထင်တာပဲ"

မနေ့က မီးလောင်ဒဏ်ရာနဲ့ လဲကျနေတဲ့ ကိုအောင်အောင်ရဲ့ အနီးမှာ “ပြည်သူတွေကို မီးမှန်မှန် ရစေချင်တယ်၊ ၂၀၀၁-၂၀၀၂ ခုနှစ်တွေကို ပြန်မသွားချင်ဘူး” လို့ ရေးထားတဲ့ စာရွက်တစ်ရွက်ကို မိသားစုက တွေ့ရှိခဲ့ပါတယ်။

သူပြောတဲ့ ၂၀၀၁- ၂၀၀၂ ကာလတွေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်ယူထားတဲ့ နဝတ စစ်အစိုးရ လက်ထက်ဖြစ်ပြီး လျှပ်စစ်မီးပြတ်တောက်မှု အပါအဝင် အကျပ်အတည်း မျိုးစုံကို မြန်မာပြည်သူတွေ ရင်ဆိုင်ခဲ့ရတဲ့ ကာလတွေဖြစ်ပါတယ်။

"ထိခိုက်မှုအနည်းဆုံး ဖြစ်ရအောင် ရှာဖွေဖော်ထုတ်၊ ကြံဆပြီးတော့ ဆက်တိုက်ပွဲဝင်ဖို့ မိဘပြည်သူများကို ပန်ကြားလိုပါတယ်"

တကသ ကျောင်းသားဟောင်းများအင်အားစုက ကိုနန်းလင်း ကတော့ အာဏာသိမ်း စစ်ကောင်စီကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန့်ကျင်ရမှာဖြစ်ပေမယ့် အခုလို ကိုယ့်အသက်ကို ကိုယ်တိုင် ဆုံးရှုံးစေတဲ့ နည်းလမ်းမျိုးကို မသုံးဘဲ ပိုထိရောက်တဲ့ နည်းလမ်းမျိုးကိုသာ သုံးစေချင်တယ်လို့ အကြံပြုပါတယ်။

"မနေ့က ကျောက်ပန်းတောင်းက ကိုအောင်အောင် ပေါ့၊ သူက လက်ရှိမှာ ကျနော်တို့ ပြည်သူတွေရဲ့ အထွေထွေ အကျပ်အတည်းထဲက စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီ ရဲ့ အင်မတန်ဆိုးဝါး ညံ့ဖျင်းတဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွ အောက်မှာ ပြည်သူတွေ ဘာတွေ ကြုံတွေ့နေရတယ်၊ ဘယ်လိုတွေကြုံတွေ့နေရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီးတော့ အသက်ကိုပါ ရင်းနှီးစတေးပြီး ထုတ်ဖော်ဆန္ဒပြသွားတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီးတော့ အသက်သေဆုံးတယ်ဆိုတဲ့ ကိစ္စတွေထက် အဲဒီနည်းထက် တခြား ပိုကောင်းတဲ့ ထိရောက်တဲ့၊ ထိုးနှက်တဲ့ ဒီကောင်တွေ ဒေါက်တိုင် ကို ထိုးနှက်တဲ့ နည်းလမ်းဖြစ်ရမယ်၊ အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုအနည်းဆုံး ဖြစ်ရအောင် ရှာဖွေဖော်ထုတ်၊ ကြံဆပြီးတော့ ဆက်တိုက်ပွဲဝင်ဖို့ မိဘပြည်သူများကို ပန်ကြားလိုပါတယ်"

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့မှာ အခုချိန်ထိ နေ့စဉ် လျှပ်စစ်မီး ၆ နာရီကျော်ကြာ ပြတ်တောက်နေတာကြောင့် ကိုအောင်အောင် ရဲ့ သံပန်းတံခါး လုပ်ငန်းအပြင် လျှပ်စစ်မီး သုံးပြီး အလုပ်ကိုင်နေရတဲ့ လုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းထားရတယ်လို့လည်း ဒေသခံ တွေက ပြောကြပါတယ်။

ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ သေဆုံးသူ ကိုအောင်အောင် ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး နည်းလမ်းတွေထဲက အဆုံးစွန်သော နည်းလမ်းကို ရွေးချယ်ပြီး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ခဲ့တဲ့အတွက် အထူးဝမ်းနည်းကြောင်း ဒီကနေ့ ထုတ်ပြန်ထားပါတယ်။