လက်နက်ကြီးထိ ဆရာတော်ကို ရန်ကုန်မှာကုသဖို့ စီစဉ်

0:00 / 0:00

ရခိုင်ပြည်နယ် ကျောက်တော်မြို့ မီးဝကျေးရွာထဲကို အောက်တိုဘာလ ၁ ရက်နေ့က ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရတဲ့ မီးဝဆရာတော်ကို စစ်တွေဆေးရုံကနေ ရန်ကုန်ကို ရွှေ့ပြောင်းကုသမှုပေးဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

ဆရာတော်ကို ထိမှန်ခဲ့တဲ့ ကျည်အပိုင်းအစဟာ အဆုတ်ထဲကို ဖောက်ဝင်သွားနိုင်တာကြောင့် အရေးပေါ်ကုသဖို့ လိုအပ်တာမို့ ရန်ကုန်ကို ပို့ဖို့စီစဉ်တယ်လို့ သိရကြောင်း ကျောက်တော် ဖြူစင်မေတ္တာ ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးညီပုက ပြောပါတယ်။

"ဆရာတော်က အခြေအနေ သိပ်မကောင်းလို့ပါ။ ခဏနေကောင်းတယ်။ ခဏနေ Pressure လျော့တယ် အဲလိုဖြစ်နေလို့။ အထဲမှာတော့ မိုင်းစကျန်နေတယ်လို့ ပြောပါတယ်။ တော်ကြာ အဆုတ်ကိုတောင် ထိနိုင်တဲ့အခြေအနေရှိတယ်လို့ ပြောပါတယ်။ ဒီမှာ မသေချာလို့ ရန်ကုန်မှာ ကုသမှုခံယူမလို့။ ပြီးတော့ ဆရာတော်က ဒီမှာသံဃနာယက အကြီးအကဲဆိုတော့ သံဃနာယက ဆရာတော်တွေကလည်း ရန်ကုန်မှာကုဖို့ ခေါ်နေကြတယ်"

ဆရာတော်ရဲ့ဘွဲ့မှာ ဦးဣန္ဒက ဖြစ်ပြီး သက်တော် ၆၈ နှစ်ရှိကာ ရခိုင်ပြည်နယ်ရဲ့ သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်အသင်းရဲ့ အတွင်းရေးမှူးလည်း ဖြစ်တယ်လို့ သိရပါတယ်။ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ စတဲ့ ဘွဲ့နှစ်ခုကို ရရှိထားပါတယ်။ ရန်ကုန်မှာ ဆေးကုသရေးအတွက် သံဃာတော်တွေ၊ ကျောင်းဒကာ၊ ဒကာမတွေ ကူညီနေတယ်လို့ ဆိုပါတယ်။

စစ်တွေမှာရှိတဲ့ ဆရာတော်ရဲ့ဒကာတွေကနေ အကူညီတောင်းလာတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးဖို့ လတ်တလော စီစဉ်ထားတယ်လို့ ရန်ကုန် CSO အဖွဲ့က ဦးသန်းကြည်က ပြောပါတယ်။

"စစ်တွေမှာ ဆေးကုနေတဲ့ ဆရာတော်ကြီး စိုးရိမ်ရလို့ ရန်ကုန်မှာ ကုမယ်ဆိုပြီး ကျနော်တို့ကို ဆက်သွယ်လာတယ်။ ရန်ကုန်လေဆိပ်ကနေ သွားကြိုမှာ ။ ဆေးရုံကတော့ ရန်ကုန်ဆေးရုံကြီးကိုတင်ပြီး ကုရမလားမသိ။ ဆရာတော်က သံဃနာယကထဲလည်း ပါတယ်လေ။ ကိုယ့်ကျောင်းမှာလည်း ကိုယ် ဝိနည်းသိက္ခာနဲ့အညီ နေတာပေ့ါ။ ထိခိုက်တယ်ဆိုတော့ ရခိုင်အားလုံးကလည်း ဝမ်းနည်းကြေကွဲရတာပေါ့ဗျာ။ သာသနာအတွက်လည်း မကောင်းတဲ့အရာတစ်ခုပေါ့"

ဆရာတော်ဟာ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းကို ဖွင့်လှစ်ထားတာဖြစ်ပြီး မူလတန်းနဲ့ အလယ်တန်းကျောင်းသား အယောက် ၅၀၀ ကျော်ကို လက်ခံသင်ကြားပေးနေတာဖြစ်ပါတယ်။

ဆရာတော်ရဲ့ အခြေအနေကို ကျေးရွာဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

"ဆရာတော်က ဘက တည်ထောင်ထားတယ်လေ။ ဆရာတော်မရှိရင် ကျောင်းက ဖရိုဖရဲဖြစ်ကုန်မှာပေါ့။ လူငယ်တွေ၊ ရွာသားတွေကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြစ်အောင် လှုံ့ဆော်ပေးနေတဲ့ ဆရာတော်တစ်ပါးလည်း ဖြစ်တယ်လေ။ နောက်ပြီး အုပ်စုထဲမှာ ပတ်ဝန်းကျင်မှာ ကျောင်းတွေကို ဆရာတော်က ကူညီပေးနေတာရှိတယ်။ ကျေးရွာသူ၊ ကျေးရွာသားတွေက ဆရာတော်ကိုများ ဆုံးရှုံးလိုက်ရမလားဆိုပြီး စိုးရိမ်နေကြတယ်။ အစစအရာရာ အားလုံးကူညီ စောင့်ရှောက်ပေးနေတာကိုး"

မနေ့က မနက် ၁ နာရီလောက်မှာ မီးဝကျေးရွာ မြောက်ဘက်မှာရှိတဲ့ တပ်မတော်က တပ်စွဲထားတဲ့ တောင်ကုန်းပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မတော်ကင်းတပ်တွေ ချထားတဲ့နေရာနဲ့ ရေတပ်ရှိတဲ့နေရာတွေကနေသာ ပစ်ခတ်သံတွေကြားရပြီး တောထဲကနေ ပစ်ခတ်သံမကြားရတဲ့အတွက် တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် တိုက်ခိုက်တာမျိုး မဟုတ်ဘဲ တပ်မတော်ဘက်ကသာ ပစ်ခတ်တာလို့လည်း ပြောကြပါတယ်။

အဲဒီလို သံဃာတွေအပါအဝင် အရပ်သားတွေ ထိခိုက်တာနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလို ပြောပါတယ်။

"အဲရွာကလည်း ကုလားတန်မြစ်ဘေးမှာရှိတယ်။ မီးဝရွာကလေ။ ကျနော်တို့ကလည်း ကုလားတန်မြစ်ကြောင်း လုံခြုံရေးလုပ်နေတာ။ ကျနော်တို့တွေက အရှေ့ပိုင်းမှာ ရန်သူပစ်တာက အနောက်ဘက်က ပစ်တာ။ မီတာ ၆၀၀ လောက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ ရွာနဲ့ ကျနော်တို့က တစ်တန်းတည်းရှိတယ်။ အရှေ့ဘက်ကမ်းမှာ။ ကျနော်တို့ပစ်တဲ့ ကျည်သည် အနောက်ဘက်ကိုပဲ သွားရမယ်။ ရွာက အရှေ့ဘက်မှာရှိတော့ ရန်သူက အနောက်ကနေ ပစ်တဲ့အခါ ကျနော်တို့ဘက်မကျဘဲနဲ့ ရွာဘက်ကိုကျတာ။ ကျနော်တို့ ကျည်လမ်းကြောင်းနဲ့ တခြားစီပဲ"

ဒါ့အပြင် ရက္ခိုင့်တပ်တော် AA က မီးဝကျေးရွာအနားကနေ တပ်မတော်သင်္ဘောကို စတင်ပစ်ခတ်တာကြောင့် ပြန်ပစ်တာဖြစ်ပြီး အရပ်သားတွေ ထိခိုက်တာတွေကိုတော့ မကြားမိဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို မနေ့က ပြောပါတယ်။

AA ကပစ်လို့ ပြန်ပစ်ပါတယ်ဆိုတဲ့ တပ်မတော်ရဲ့ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခကို ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲဒီပစ်ခတ်တာတွေကြောင့် မီးဝဆရာတော်အပြင် ကိုရင် တစ်ပါး၊ ကျောင်းဆရာမ တစ်ယောက်နဲ့ ကျောင်းသား နှစ်ယောက်လည်း ဒဏ်ရာရထားပါတယ်။

အဲဒီလို သေဆုံး၊ ထိခိုက်ဒဏ်ရာရတာတွေကြောင့် မီးဝကျေးရွာက ဒေသခံတွေဟာ ကျောက်တော်မြို့ပေါ်ကို တိမ်းရှောင်နေကြပြီလို့လည်း သိရပါတယ်။

စက်တင်ဘာ ၂၉ ရက်တုန်းကလည်း မီးဝကျေးရွာနားမှာ ရိက္ခာလာပို့တဲ့ တပ်မတော် ရေယာဉ်ကို AA က ပစ်ခတ်အပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေ ကျပြီး အသက် ၆၀ ကျော် ဦးသာထွန်း၊ အသက် ၂၂ နှစ်အရွယ် ကိုနိုင်လင်းစိုးတို့မှာ ထိခိုက်ဒဏ်ရာရပြီး စစ်တွေနဲ့ ကျောက်တော်မှာ ဆေးရုံတင်ထားရပါတယ်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)