ကျိန္တလီမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင် ၁၁ ဦးသေဆုံး
2024.08.16
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့က ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို ဩဂုတ်လ ၁၅ ရက်နေ့က စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးတွေအပါအဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက "ခရစ်ယာန်ဘုရားကျောင်းမှာ စစ်ဘေးဒုက္ခသည်တွေရှောင်နေတာ စုပြီးတော့၊ အဲ့အပေါ်ကျတာ သေတာက ချင်းလူမျိုးများတယ်၊ ချင်းလူမျိုးက ကိုးယောက်၊ ကျန်တဲ့လူက ရခိုင်ပေါ့၊ စုစုပေါင်း ၁၁ ယောက်သေသွားတယ်၊ ကလေးတွေလည်းပါတယ်" လို့ ပြောပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့မှာလည်း ကျိန္တလီဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်းဆိုပါတယ်။
ကျိန္တလီမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုနဲ့ မြို့မရဲစခန်းကို သြဂုတ်လ ၁၂ ရက်နေ့စပြီး အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သြဂုတ်လ ၁၄ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။
ကျိန္တလီမြို့ပေါ်မှာ တိုက်ပွဲမဖြစ်ခင်ကတည်းက အများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး လက်ရှိမှာ လူအနည်းငယ်သာရှိတော့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မြို့ပေါ်မှာ စစ်ကောင်စီတပ်မရှိတော့ဘဲ ကြွေချိုင်၊ ကုလားပြင် စတဲ့နေရာတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်တာ၊ လေကြောင်းကနေ ဗုံးကြဲနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
အာရက္ခတပ်တော် (AA) က မောင်တောမြို့တိုက်ပွဲတွေအတွင်းက ကယ်ထုတ်ထားတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်အတွက် ဆေးဝါးအရေးပေါ်လိုအပ်နေတာကြောင့် အကူအညီပေးဖို့ဆိုပြီး နိုင်ငံတကာနဲ့ အရပ်ဖက်အဖွဲ့တွေအစည်းတွေကို ဩဂုတ်လ ၁၆ ရက်နေ့မှာ တောင်းဆိုထားပါတယ်။ မိုးရာသီဖြစ်တာကြောင့် ရေကြီးရေလျှံပြီး သောက်သုံးရေမသန့်တာကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပြီး ငါးယောက်သေဆုံးခဲ့တယ်လို့လည်း AA ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကျိန္တလီမြို့အခြေအနေကိုတော့ AA က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။