ရန်ကုန်လူထုသပိတ်စစ်ကြောင်း စစ်ကားနဲ့တိုက်ပြီး ဖြိုခွင်းခံရ

2021.12.04
Share on WhatsApp
Share on WhatsApp
ရန်ကုန်လူထုသပိတ်စစ်ကြောင်း စစ်ကားနဲ့တိုက်ပြီး ဖြိုခွင်းခံရ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ မေ ၁၁ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: RFA

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန် လူထုသပိတ် စစ်ကြောင်းကို ဒီဇင်ဘာ ၅ ရက် ဒီမနက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့ဝင်တိုက် သေနတ်နဲ့ပစ် ခတ်ခဲ့လို့ သေဆုံးထိခိုက်သူတွေ ရှိခဲ့တယ်လို့ အနီးနား ဒေသခံတွေက ပြောပါတယ်။

စုစုပေါင်း လူ ၁၅ ယောက်ခန့်ပါဝင်တဲ့ ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို အနောက်ကနေ စစ်သုံး double-cap ကားတစ်စီးက အရှိန်ပြင်းနဲ့ ဝင်တိုက်ခိုက်ခဲ့လို့ လွှင့်ထွက်သွားသူ၊ ကားနဲ့ချိတ်ပါသွားသူတွေ ရှိခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်။

‘’ကားနဲ့တိုက်လိုက်ပြီး သေနတ်နဲ့လည်း ဆဲဆိုပြီး ဘေးဘက်တွေကို ပစ်တယ်၊ ကားနဲ့တိုက်လိုက်လို့ ငါးယောက်လောက်က တော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်တယ်၊ ခေါင်းတွေမှာလည်း ထိကုန်တယ် တချို့ဆို လက်ကလေး လှုပ်ရုံလောက်ပဲ လှုပ်နိုင်တယ်၊ ခဏနေတော့ Ambulance ကားရောက်လာတယ် တော်တော်လေးကို ရက်ရက်စက်စက်ကို လုပ်တာပါဗျာ လူမဆန်တဲ့ လုပ်ရပ်ပါပဲ’’

သပိတ်မှောက်သူတွေကို ဝင်တိုက်တဲ့ကားက အရှိန်ဘယ်လောက်ပြင်းသလဲဆိုရင် ကားနောက်ခန်းမှာပါတဲ့ စစ်သားတစ်ယောက်တောင် အောက်ကိုပြုတ်ကျခဲ့တယ်လို့ အဲဒီမျက်မြင်တွေ့ခဲ့သူက ပြောပါတယ်။

ဒီသပိတ်မှာ ပါဝင်သူတချို့ ထိခိုက်၊ သေဆုံးမှုတွေရှိနိုင်သလို သပိတ်မှောက်တဲ့အထိ ပါဝင်သူတချို့နဲ့ သတင်းထောက်တချို့လည်း အဖမ်းခံရနိုင်တယ်လို့ သပိတ်မှာ ပါဝင်ခဲ့သူတွေက ဆိုပါတယ်။

အဲဒီသပိတ်မှောက်နေတာကို သတင်းယူနေတဲ့သူတစ်ဦးကလည်း သူထွက်ပြေး လွတ်မြောက်လာရတဲ့ အခြေအနေကို ပြောပြပါတယ်။

‘’ကားနဲ့ အတိုက်ခံရတော့ လွင့်သွားပြီး လဲနေချိန် စစ်သားတွေက သေနတ်ဒင်နဲ့ လိုက်ထုလို့ အထုခံ လိုက်ရတယ်၊ စစ်သားတစ်ယောက် ခြေထောက်ကို ကန်ပြီး ထွက်ပြေးတာ သေနတ်ကျည်အစစ်နဲ့ သုံးချက်လိုက်ပစ်ပေမယ့် မထိလို့ လွတ်လာခဲ့တာ လောလောဆယ်တော့ ဆေးခန်းရောက်နေပါတယ်’’

လတ်တလောမှာတော့ အထိခိုက်၊ အကျဆုံး အခြေအနေအသေးစိတ်ကိုတော့ RFA က သီးခြားအတည်မပြု နိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

COMMENTS

ဆိုက်တခုလုံးသို့