NLD ပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုး အဖမ်းခံရ

NLD ဗဟိုပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးကြည်တိုးနဲ့ NLD ပါတီက လူငယ်တစ်ဦးတို့ မတ်လ ၁၈ ရက် မနေ့ညပိုင်းက ရန်ကုန်မြို့မှာ ဖမ်းဆီးခံရကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးနဲ့ အဖွဲ့ချုပ်လူငယ်တစ်ဦး၊ အာဏာသိမ်း စစ်ကောင်စီမှ အဓမ္မဖမ်းဆီးထိန်းသိမ်းခြင်းခံရကြောင်း သတင်းရရှိပါသည်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတာ တွေ့ရပါတယ်။

ဦးကြည်တိုးဟာ လက်ရှိဖမ်းဆီးခံထားရတဲ့ NLD ပါတီ ခေါင်းဆောင်ပိုင်းတွေရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ သူတို့နဲ့ဆိုင်တဲ့ သတင်းစကားတွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြည်သူတွေဆီကို ဖြန့်ဝေပေးနေတာလည်း ဖြစ်ပါတယ်။

ဦးကြည်တိုး အသုံးပြုတဲ့ Kyi Toe နာမည်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာကိုလည်း လက်ရှိမှာ ဝင်ရောက်ကြည့်ရှုလို့ မရတော့ပါဘူး။