ကျုံပျော်မှာ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး အသတ်ခံရမှုအတွက် လူခုနစ်ဦးထက်မနည်း ဖမ်းဆီးခံထားရ

RFA Burmese
2024.01.12
ကျုံပျော်မှာ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး အသတ်ခံရမှုအတွက် လူခုနစ်ဦးထက်မနည်း ဖမ်းဆီးခံထားရ ကျုံပျော်မြို့ မြို့မစျေးတစ်နေရာအား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်။
ကျုံပျော် မြို့နယ် စည်ပင်သာယာရေးကော်မတီ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်၊ မဂူရိုးကျေးရွာက စစ်ကောင်စီရဲ့ ရာအိမ်မှူး ဦးသန်းမင်းအောင်နဲ့ ဆယ်အိမ်မှူး ဦးငွေသိန်းတို့နှစ်ဦး ဇန်နဝါရီလ ၆ ရက်နေ့က သတ်ဖြတ်ခဲ့ရတာနဲ့ ဆက်နွှယ်ပြီး လူခုနစ်ဦးထက်မနည်း ဖမ်းဆီး စစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ရာအိမ်မှုးနဲ့ ဆယ်အိမ်မှူးနှစ်ဦးအသတ်ခံရမှုအတွက် အင်အား လေးဆယ်ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့က အဲဒီရွာ တွေကို ဝင်ရောက်စစ်ဆေးပြီးနောက် ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"၆ ရက်နေ့ညက ကွင်းဘောရွာက ဦးမန်းပြုံးဆိုတဲ့တစ်ယောက် အဆွဲခံရတယ်။ နောက်ပြီးတော့ ၇ ရက်နေ့ည ကျတော့ အုန်းပင်စုက ထိရွှေဘိုနဲ့ နောက်ထပ် ကွင်းဘောရွာက တစ်ယောက်ရယ်၊ မဂူရိုးက တစ်ယောက်ရယ် ထပ်ပြီးတော့ အစွဲခံရတယ်ပေါ့နော်။ ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာ အဆွဲခံရတာ။ ၆ ရက်နေ့ရယ်၊ ၇ ရက်နေ့ရယ်၊ ၈ ရက်နေ့ရယ် သုံးရက်အတွင်းမှာပေါ့နော် ဒီကျုံပျော်မြို့နယ်အတွင်းမှာ ဖမ်းဆီးစစ်ဆေးခံရသူ ခုနစ်ယောက်ကျော် ရှိတယ်လို့ လတ်တလော သိရတယ်"

အဖမ်းခံရသူတွေဟာ လူငယ်တွေအများစုဖြစ်ပြီး ကျုံပျော်မြို့နယ်ရဲစခန်းမှာ စစ်ဆေးခံနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းတော်လှန်ရေး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာတော့ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးနှစ်ဦးဟာ စစ်ကောင်စီရဲ့အားကိုးနဲ့ ရွာကလူတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်တာ၊ ခြိမ်းခြောက်တာ၊ တော်လှန်ရေး အင်အားစုတွေနဲ့ပတ်သက်လို့ တစ်ယောက်ချင်းစီစာရင်းလုပ်ပြီး ပေးပို့နေတာကြောင့် ပုသိမ်ခရိုင်ပြည်သူ့ ကာကွယ်ရေး အဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့က သေနတ် ရှစ်ချက်ပစ်ခတ်ပြီး သတ်ဖြတ်ခဲ့တာလို့ ဇန်နဝါရီလ ၇ ရက်နေ့က ဖော်ပြထားပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်သိန်းဝင်းကို RFA က ဒီနေ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ဧရာဝတီတိုင်း ရေကြည်၊ ငါးသိုင်းချောင်းနဲ့ အသုတ်မြို့နယ်တွေမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာ လအထိ ၁၀ လအတွင်းမှာ PDF တွေနဲ့ ဆက်စပ် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ၄၀ ဝန်းကျင်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆို ထားပါတယ်။

အလားတူ ငရုတ်ကောင်းမြို့မှာလည်း ၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်းမှာတင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စွပ်စွဲ ဖမ်းဆီးခံရသူ စုစုပေါင်း ၉၀ ကျော်ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီလို ဖမ်းဆီးခံရသူတွေထဲမှာ လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံရသူတွေရှိသလို ပြန်လွတ်လာသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။