ကျောက်မဲနဲ့ သီပေါမှာ လက်နက်ကြီးကြောင့် သုံးဦးသေ၊ ငါးဦးဒဏ်ရာရ
2024.07.02
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့နယ်တွေမှာ ဇူလိုင်လ ၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကျောက်မဲမြို့ ရပ်ကွက် (၈) ထဲကို ကျရောက်ပေါက်ကွဲပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အဲဒီနေ့ တစ်ရက်တည်းမှာပဲ သီပေါမြို့ စံဖိတ်ကွက်သစ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းက တစ်ကျော့ပြန်တိုက်ပွဲအတွင်း လေကြောင်းနဲ့လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၂၅ ဦးသေဆုံးပြီး ၃၇ ဦးဒဏ်ရာရတဲ့အပြင် နေအိမ်ငါးဆယ်နီးပါး ထိခိုက်ပျက်စီးတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တို့ အပြင် မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ မတ္တရာမြို့နယ်တွေမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ အဖြစ် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။