ကျွန်းလှမြို့ ညောင်ကုန်းရွာက နေအိမ်အလုံး ၃၀ မီးရှို့ခံရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့ မြောက်ဘက် ညောင်ကုန်းရွာက နေအိမ်အလုံး ၃၀ ကို ဩဂုတ်လ ၂၂ ရက် မနေ့က စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သား အင်အား ၇၀ ခန့်ဟာ ချပ်သင်းရွာ ဘက်ကနေ ဝင်ရောက်လာပြီး ညနေ ၄ နာရီဝန်းကျင်မှာ ရွာကို မီးစရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အကုန်ပြေးနေကြတာ ကျနော်တို့။ သူတို့က (စစ်ကောင်စီတပ်) ဘာမှမလုပ်လည်း အကုန် ဝင်ရှို့တာ။ စာရင်းကောက်ထားတာအရ အိမ်အလုံး ၃၀ ရှိတယ်။ အခုကျ အောင်ချမ်းသာရွာကို ဝင်ဖို့ လုပ်နေတယ်"

စစ်ကောင်စီတပ်သားတွေဟာ အိမ်ခြေ ၁၈၀ ခန့်ရှိတဲ့ ညောင်ကုန်းရွာကို မီးရှို့ခဲ့ပြီးနောက် ညဘက်အထိ အဲဒီရွာမှာပဲ စခန်းချခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ဒီစစ်ကောင်စီတပ်သားတွေဟာ ယူနီဖောင်းဝတ်ထားပေမယ့် ဘယ်တပ်ကလဲဆိုတာ ကိုတော့ ဒေသခံအနေနဲ့ ကွဲကွဲပြားပြား မသိဘူးလို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ညောင်ကုန်းရွာက ဒေသခံ ၇၀၀ ဝန်းကျင်အပါအဝင် အနီးနားရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်က စစ်တပ်အနေနဲ့ ရွာတွေကို မီးမရှို့ဘူးလို့ ငြင်းဆိုခဲ့ကြောင်း ဩဂုတ်လ ၁၉ ရက်နေ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညောင်ကုန်းရွာမှာ စခန်းချခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီနေ့မနက်မှာတော့ အနီးနားက အောင်ချမ်းသာရွာကို ဝင်ရောက်ဖို့ လုပ်နေချိန် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေပါတယ်။