စစ်ကောင်စီတပ် ဝင်စီးလို့ ကျွန်းလှမြို့က ရွာပေါင်းနှစ်ဆယ်ခန့် ရွာလုံးကျွတ်ထွက်ပြေး

2021.11.07
စစ်ကောင်စီတပ် ဝင်စီးလို့ ကျွန်းလှမြို့က ရွာပေါင်းနှစ်ဆယ်ခန့် ရွာလုံးကျွတ်ထွက်ပြေး စစ်တပ် ဝင်ရောက်စီးနင်းနေလို့ ထွက်ပြေးနေရတဲ့ ကျွန်းလှမြို့နယ်ထဲက ရွာသားတွေကို ၂၀၂၁ နိုဝင်ဘာ ၆ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဘက်က ရွာတွေကို ဝင်ရောက်စီးနင်းတဲ့အပြင် လေ ကြောင်းကနေလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရွာပေါင်း ၂၀ လောက်က ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

ထွက်ပြေးနေတဲ့သူ တစ်သောင်းလောက်အထိ ရှိလာနေပြီလို့ ဆိုပါတယ်။

နိုဝင်ဘာလ ၇ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက လိပ်ဆင်းတောင်ရွာ ထဲကို လက်နက်ကြီးတွေနဲ့ အချက်သုံးဆယ်လောက် ပစ်ခတ်ခဲ့ပြီး သေနတ်သံတွေလည်း ဆက်တိုက်ကြား နေရလို့ ထွက်ပြေးဖို့ ပြင်နေရတယ်လို့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေသခံက ပြောပါတယ်။

“အခုမနက် ရှစ်နာရီကျော်ကျော်လောက်က လက်နက်ကြီးသံတွေကြားနေရတော့ ကျမတို့လည်း အထုတ် အပိုးတွေ ပြင်ပြီးတော့မှ အခြေအနေကို စောင့်ကြည့်ပြီးတော့မှ ပြေးရမလိုပြင်နေကြတာ ကွင်းပြင်ဆိုတော့ ဆည်နေရာဆိုတော့ လှမ်းမြင်နေရတာ။ မနက်က မီးခိုးလုံးတွေနဲ့ အိမ်မီးလောင်တာလို့ ထင်ရတယ်။ မီး လောင်တဲ့ မီးခိုးလုံးကြီးတော့ လှမ်းမြင်နေရတယ်။ ထိတ်လန့်နေတယ် စစ်ဘေးရှောင်တွေကလည်း ထိတ်လန့်ပြီး ဟိုပြေးရမလား ဒီပြေးရမလား အဲလိုတွေဖြစ်နေကြတာ။ အဲလိုဆိုတော့ ကြောက်ပြီးဘယ်ပြေး ရမှန်းမသိ အရှေ့ဘက်ပြေးမယ်ဆိုရင် ရေခြားနေတယ်။ မြောက်ဘက်ဆိုတော့လည်း သူတို့က သူဘယ် နေရာမှ မလုံခြုံဖြစ်နေကြတာ”

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းလောက်ကစပြီး ကျွန်းလှမြို့နယ် ကျွဲတဲရွာအနီးကို စစ်ရဟတ်ယာဉ် ခြောက်စီးနဲ့ တိုက်ခိုက်တာခံခဲ့ရပြီး၊ ကျွန်းလှမြို့နယ် ဖုံမွှာချောင်းရိုးတလျှောက်က ကျွဲတဲ၊ အင်လှ၊ မြနှစ်နဲ့ အူတောင်ရွာတွေကို ဝင်ရောက်စီးနင်းတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အဲဒီနေ့က ပစ်ခတ်မှုကြောင့် ဦးဝင်းနိုင်နဲ့ ကိုငြိမ်းထွန်း ဆိုတဲ့ ဒေသခံရွာသား နှစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ လက်ရှိကျွဲတဲရွာမှာ စစ်တပ်က တပ်စွဲထားတယ်လို့ သိရပါတယ်။

"အေးအေးဆေးဆေး လုပ်ကိုင်စားမယ် ကြံသေးတယ်၊ အခုလိုဖြစ်လာတော့ ကျမတို့မှာ ဘယ်ပြေးရမှန်းလည်းမသိ အဲဒီလို ဖြစ်နေတာ”

အဲဒီအနီးနားက လိပ်ဆင်းတောင်ရွာနဲ့ အေးချမ်းသာရွာတွေကတော့ မနေ့ကစပြီး ဝင်ရောက်စီးနင်းခံနေရတာ ဖြစ်ပြီးတော့ မနေ့က အေးချမ်းသာရွာတွင်း ပစ်ခတ်မှုကြောင့် ရွာသားတစ်ယောက် သေနတ်ကျည်ဆံထိမှန်ခဲ့ ရတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကျည်ကြောင့် စာသင်ကျောင်းတစ်ကျောင်းနဲ့ နေအိမ်တစ်လုံးလည်း မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျွန်းလှမြို့နယ်ထဲကို စစ်ရဟတ်ယာဉ် ၆ စီးနဲ့ စစ်သားအင်အား ၁၈၀ လောက် စေလွှတ်ထားသလို မြေပြင်တပ်တွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကျွန်းလှမြို့နယ်ထဲမှာ စစ်ကောင်စီကို ပြန်လည်ခုခံတော်လှန်နေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေ လည်း ရှိနေသလို စစ်ကောင်စီရဲ့ စီးပွားရေးဖြစ်တဲ့ မိုင်တဲဝါတာဝိုင် ဖျက်ဆီးခံရတာနဲ့ စစ်ကောင်စီ သတင်း ပေးတွေ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေများပြားတဲ့ စစ်ကိုင်းတိုင်းကို စစ်တပ်က အလောင်းမင်းတရား စစ်ဆင်ရေး ဆိုတဲ့ အမည်သုံးပြီး ဖိဖိစီးစီးတိုက်ခိုက်နှိမ်နင်းဖို့ ကြိုးစားနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျွန်းလှမြို့နယ် ဒေသခံတွေက RFA ကို ပြောပါတယ်။

အခုရက်ပိုင်း စစ်တပ်က ဝင်ရောက်စီးနင်းခံရတဲ့ရွာ အနည်းဆုံး ဆယ်ရွာထက်မနည်းရှိနေပြီး အနီးနားက ရွာတွေကလည်း ထိတ်လန့်တကြားနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြေးလွှားနေရသူတွေဟာ လက်ရှိ နေထိုင်စားသောက်ဖို့တွက် အဆင်ပြေပေမယ့် ရာသီဥတုအေးလာပြီ ဖြစ်တာကြောင့် အနွေးထည်တွေ လိုအပ်နေသလို ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ တိမ်းရှောင်နေ ရသူတွေကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

“စားရေးသောက်ရေးကတော့ ကျနော်တို့တောင်သူ လယ်လုပ်ရွာတွေများတဲ့အခါကျတော့ တစ်ရွာမှာ စစ်ရှောင်ရှိတယ်ဆိုရင် အဲဒီရွာကတစ်ရွာက ဝိုင်းပြီးတော့ ကျွေးကြမွေးကြရတာပေါ့။ လောလောဆယ် ဆောင်းဝင်လာပြီဆိုတော့ အနွေးထည်တွေ စောင်တွေ ပြီးတော့ ဆေးဝါး၊ ဆေးဝါးဆိုတာက ကျနော်တို့ ဘက်က ကိုဗစ်ဖြစ်ပြီးတာ သိပ်မကြာသေးဘူးဗျ။ တချို့ကလည်း ဖြစ်နေတုန်းပဲ ကိုဗစ်ကို။ သက်ကြီး ရွယ်အိုတွေဆိုရင်လည်း တိမ်းပါးသွားတာတွေရှိတယ်။ အခုလောလောဆယ် တုပ်ကွေးတွေ ဝင်နေတဲ့ အခါကျတော့ ဆေးဝါးက တော်တော်ကို အရေးပါနေပြီဗျ။ ဆေးဝါးမရှိတဲ့ ပြဿနာ တော်တော်တက်နေပြီ”

ကျွန်းလှမြို့နယ် ပေကုန်းရွာသားတစ်ဦးကတော့ စစ်တပ်က အခုလိုသူတို့ရွာတွေဘက်ကို ဝင်ရောက်စီးနင်း ရတာ ဘာကြောင့်လဲဆိုတာ နားမလည်နိုင်ဘူးလို့ ဆိုပါတယ်။

“အခုရက်ပိုင်းမှာတော့ သူတို့ ဒီလိုတွေလုပ်နေတာ ကျမတို့ ဘာမှလည်း မလုပ်တာ။ တောင်သူလယ် လုပ်တွေကများတာ အဲလိုဆိုတော့ ဘာမှလည်းခုခံစရာ ကျမတို့ဘက်မှာ ဘာမှလည်း မရှိဘူးလေ။ ကျမတို့က အေးအေးချမ်းချမ်းလေးတွေပါ တောင်သူလယ်လုပ်ကလေး အေးအေးချမ်းချမ်း လုပ်ကိုင် စားနေချင်တာပါ။ ကျမတို့မှာ အခုမှ အကွက်အသစ်တွေ လုပ်ပြီးတော့မှ ဆည်ကြီးဆောက်လိုက်လိုက်တော့ ရေနစ်နေတော့ လုပ်စရာမရှိတော့ လုပ်ကွက်ကလေးတွေ ပြောင်ခါရှိသေးတယ်။ အေးဆေး လုပ်ကိုင် စားမယ်ကြံသေးတယ် အခုလိုဖြစ်လာတော့ ကျမတို့မှာ ဘယ်ပြေးရမှန်းလည်းမသိ အဲဒီလို ဖြစ်နေတာ”

kyunhla-villagers.jpg
(စစ်တပ် ဝင်ရောက်စီးနင်းနေလို့ ထွက်ပြေးနေရတဲ့ ကျွန်းလှမြို့နယ်ထဲက ရွာသားတွေကို ၂၀၂၁ နိုဝင်ဘာ ၆ ရက်နေ့က တွေ့ရစဉ် - Photo: CJ)

ကျွန်းလှဘက်က ရွာတွေ ဝင်ရောက်စီးနင်းခံရတာနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လတ်တလော ဆက်သွယ်လို့ မရသေးပါဘူး။

ကျွန်းလှမြို့နယ်ထဲမှ ရေနံထွက်တဲ့ ရေနံမှော်တချို့လည်းရှိပြီး အဲဒီရေနံမှော်တွေကနေ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က အဲဒီနားမှာ တပ်စွဲနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျွန်းလှမြို့နယ်ဟာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ထဲမှာတည်ရှိပြီး သဖန်းဆိပ်ဆည်ကြီးက ကျွန်းလှမြို့နယ်ကို အရှေ့နဲ့ အနောက်ပိုင်းခြားထားပါတယ်။

သဖန်းဆိပ်ဆည် တည်ဆောက်တုန်းက မြို့တွေ၊ ရွာတွေ ရွှေ့ပြောင်းခဲ့ရသလို စိုက်ပျိုးမြေတွေပါ ရေအောက် ရောက်ခဲ့ရပြီး အခုပြန်လည်ဖွံ့ဖြိုးဖို့အတွက် အားယူနေတဲ့အချိန်မှာ စစ်ကောင်စီ တပ်တွေက အခုလို စီးနင်း မှုကြောင့် အိုးပစ်၊ အိမ်ပစ် ထွက်ပြေးနေကြရပြန်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။