စစ်ကောင်စီကို ပိတ်ဆို့အရေးယူနိုင်ရေး ILO ကို တင်ပြဖို့စီစဉ်နေ

RFA Burmese
2024.11.09
စစ်ကောင်စီကို ပိတ်ဆို့အရေးယူနိုင်ရေး ILO ကို တင်ပြဖို့စီစဉ်နေ စစ်ကောင်စီကိုအရေးယူပေးရန် ပြည်တွင်းရှိ အထည်ချုပ်အလုပ်သမားများက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ထံ တောင်းဆိုနေကြသည်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က CTUM ကထုတ်ပြန်ထားစဥ်။
Facebook/Ctum Myanmar Photo

စစ်ကောင်စီရဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ Article 33 အရ စီးပွားရေးကဏ္ဍမှာ အလုံးစုံပိတ်ဆို့ အရေးယူနိုင်ရေးအတွက် ILO ကို တင်ပြဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

နို၀င်ဘာ ၆ ရက်နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်ရဲ့ အုပ်ချုပ်ရေး အစည်းအဝေးမှာ စစ်ကောင်စီဟာ အဓမ္မစစ်မှုထမ်းခိုင်းစေတာ၊ အလုပ်သမား၊ အလုပ်ရှင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ ကျူးလွန်နေကြောင်း ILO က အတည်ပြု ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် လာမဲ့ ၂၀၂၅ ခုနှစ်၊ မတ်လမှာ ကျင်းပမဲ့ ILO အုပ်ချုပ်မှုကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီရဲ့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ကျူးလွန်မှုတွေကို အရေးယူဆောင်ရွက်ဖို့ တင်သွင်းသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်က RFA ကို ပြောပါတယ်။

"အဲဒီ အစည်းအဝေးမှာ စစ်အုပ်စုရဲ့ ဆက်လက်ကျူးလွန်နေတဲ့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်မှာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်နဲ့ သူ့ရဲ့ အခြေခံဥပဒေမှာပါတဲ့ အပိုဒ် ၃၃ အရ ဘယ်လိုအရေးယူမလဲဆိုတဲ့ ကိစ္စတွေကို စာရေးပြီး တင်သွင်းမယ်။ ဒီတင်သွင်းဖို့ ဆုံးဖြတ်ချက်ဟာ ၂၀၂၅ မှာ စစ်အုပ်စုအပေါ် ဘယ်လိုအရေးယူမလဲဆိုတဲ့စာကို ပြင်ဆင်ပေးတာဖြစ်တာကြောင့် စစ်အုပ်စုကို အရေးယူဖို့က လုံး၀ယုံကြည်ပါတယ်"

လက်ရှိအချိန်မှာ စစ်ကောင်စီဟာ အလုပ်သမားသမဂ္ဂတွေကို မတရားအသင်း ကြေညာထားပြီး၊ ရာနဲ့ချီတဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို ထောင်ဒဏ်ချမှတ်တာ၊ သတ်ဖြတ်တာတွေ လုပ်နေတဲ့အပြင်၊ လုပ်ခ၊ လစာတိုးရဖို့ ဆန္ဒပြတောင်းဆိုတဲ့ စက်ရုံ၊ အလုပ်ရုံတွေဆီကို စစ်သားတွေ စေလွှတ်ပြီး ခြိမ်းခြောက်ဖိအားပေးတာတွေ ရှိနေတယ်လို့ အလုပ်သမား အရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံအကျဆုံး အရပ်ဘက်ဆိုင်ရာ လူ့အခွင့်အရေးတွေနဲ့ သမဂ္ဂအဖွဲ့အစည်းတွေ တည်ထောင်ခွင့် အခွင့်အရေးတွေကို ကန့်သတ်မှုတွေရှိနေပြီး၊ သူတို့ရဲ့ အကြံပြုချက်တွေကိုလည်း လိုက်နာဆောင်ရွက်ခြင်း မရှိဘူးလို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) က ၂၀၂၄ ခုနှစ် ဇွန်လမှာ ကျင်းပတဲ့ ညီလာခံမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။