လိုင်ဇာမှာ ကိုဗစ်ကူးစက်ခံရသူ ၂,၀၀၀ ကျော်တိုးလာ

2021.11.12
လိုင်ဇာမှာ ကိုဗစ်ကူးစက်ခံရသူ ၂,၀၀၀ ကျော်တိုးလာ ကချင်ပြည်နယ် လိုင်ဇာ​စျေး​ရှေ့မှာ ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်ပေးနေတာကို ၂၀၂၁ နိုဝင်ဘာ ၂ ရက်​နေ့က တွေ့ရစဉ်
Photo: The Kachinnet

ကချင်ပြည်နယ်က ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ တိုးလာနေဆဲဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၂,၂၃၉ ဦး ထိရှိလာကြောင်း ကေအိုင်အို ကိုဗစ်ရောဂါ ကာကွယ်နှိမ်နင်းရေး ကော်မတီက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတုန်းက ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃၀ အောက်သာ ရှိခဲ့ပေမယ့် နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ အချိန် ၈ ရက် အတွင်း ပိုးတွေ့သူ ၂,၀၀၀ ကျော် အထိ တိုးလာတာဖြစ်ပါတယ်။

အခုလို ပိုးကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့ ကော်မတီတွေဖွဲ့ပြီး ကြိုးပမ်းနေတယ်လို့ ကေအိုင်အို ကိုဗစ်-၁၉ ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က RFA ကို ပြောပါတယ်။

“အခုက လူနာတွေကို ဘယ်လိုကုသမယ်ဆိုတဲ့အပိုင်းပဲ လုပ်နေကြတယ်။ ကော်မတီကိုလည်း ဖွဲ့ထားတယ်။ အဓိကတော့ ပိုးတွေ့လူနာတွေကို ကုသစောင့်ရှောက်ဖို့ပေါ့။ နောက်ရက်တွေမှာလည်း ပိုးတွေ့လူနာ ထပ်တိုး လာဖို့လာတော့ရှိတယ်”

ပိုးတွေ့လူနာများနေပေမယ့် အရေးပေါ်ကုသနေရတဲ့ ရောဂါပြင်းထန်းတဲ့သူ မရှိဘူးလို့လည်းဆိုပါတယ်။

အခုလက်ရှိမှာ လိုင်ဇာမြို့က လူဦးရေ ၁၄,၀၀၀ ခန့်နဲ့ မိုင်ဂျာယာန်ဘက်မှာ လူဦးရေ ၁၂,၀၀၀ ခန့် ကို ကိုဗစ်ကာကွယ် ဆေးထိုးနှံထားတယ်လို့လည်း ဗိုလ်မှူးကြီး ဟိန်းဝမ်က ပြောပါတယ်။

လိုင်ဇာမြို့နားက စစ်ဘေးဒုက္ခသည် ကလေးများတွေ အများဆုံး တက်ရောက်နေတဲ့ အလျန့်ဘွမ် (Alen Bum) ဘော်ဒါ အထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ဆေးစစ်ခဲ့ရာမှာ လူ ၆၀၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကိုတွေ့ရှိခဲ့ပါတယ်။

အခုလို ကျောင်းသူ၊ ကျောင်းသားတွေမှာ ပိုးတွေ့တာတွေ များလာတဲ့အတွက် လိုင်ဇာနဲ့ မိုင်ဂျာယာန်မှာရှိတဲ့ စာသင်ကျောင်းတွေအားလုံးကို ပိတ်ထားရပါတယ်။

လူဦးရေထောင်ချီရှိတဲ့ လိုင်ဇာမြို့နားက ဂျေယန့်စစ်ဘေးဒုက္ခသည်စခန်းမှာလည်း ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ၁၃၄ ဦးရှိနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

လိုင်ဇာမြို့မှာ ကိုဗစ်ကူးစက်မှုတွေ များလာလို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့မှစပြီး လိုင်ဇာတစ်မြို့လုံးနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို ဒုတိယအကြိမ် အသွားအလာ ကန့်သတ်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ပိုးတွေ့လူနာများလာတဲ့ မိုင်ဂျာယာန်မြို့မှာတော့ ဇူလိုင်၊ ဩဂုတ်၊ စင်တင်ဘာ၊ အောက်တိုဘာလတုန်းက ပိုးတွေ့ လူနာ ၂,၀၀၀ ကျော်ရှိခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်နေ့အထိ ပိုးတွေ့လူနာ ၇၀၀ နီးပါရှိနေဆဲဖြစ်ပါတယ်။

ကေအိုင်အို ကိုဗစ်ရောဂါကာကွယ်နှိမ်နှင်းရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ ကေအိုင်အို ထိန်းချုပ်နယ်မြေ တစ်ခုလုံးမှာ နိုဝင်ဘာလ ၁၀ ရက်နေ့ထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့သူ ၃,၀၅၆ ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။