လိုင်ဇာအနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ချိန် တရုတ်ဘက်က တန်ပြန်သတိပေးပစ်ခတ်

RFA Burmese
2024.08.16
လိုင်ဇာအနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ချိန် တရုတ်ဘက်က တန်ပြန်သတိပေးပစ်ခတ် KIA ထိန်းချုပ်နယ်မြေ လိုင်ဇာ၊ မိုင်ဂျာယန်အနီးရှိ တရုတ်နယ်စပ်ခြံစည်းရိုးမျဉ်းကို ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တရုတ် - မြန်မာနယ်စပ်အနီး ကချင်ပြည်နယ်၊ လိုင်ဇာမြို့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် ကို ဩဂုတ်လ ၁၅ ရက်နေ့ ညက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း တရုတ်ဘက်က တန်ပြန် သတိပေး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖားကန့်မြို့က စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဩဂုတ်လ ၁၅ ရက်မနေ့က သိမ်းပိုက်ခဲ့ပြီးနောက် အခုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။

KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ လိုင်ဇာမြို့အနီးမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုခဲ့ပြီးနောက် တရုတ်ဘက်က သတိပေးပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“တရုတ်တွေ သူတို့ရဲ့ လုံခြုံရေးကြောင့် ပစ်တာလို့ ယူဆရတာပေါ့။ လေယာဉ်တွေလည်း ပုံမှန်ပျံသန်းနေတယ်။ ဘာနဲ့ ပစ်တာလဲတော့မသိ အသံတော့ တော်တော်ကျယ်တယ်။ မိုးပေါ်မှာပေါက်ကွဲတဲ့ ပစ်ခတ်မှုပဲ။ ဘာလက်နက်လဲတော့ မပြောတတ်ဘူး။ ဆယ်ကြိမ်ကျော်လောက်ပစ်တယ် သူတို့ တရုတ်ပြည်ဘက်က ပစ်တာ။ မီးကျည်ပစ်တာတော့ မဟုတ်ဘူး”

လိုင်ဇာအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီးနောက် တရုတ်ဘက် က သတိပေး ပစ်ခတ်မှု တွေလုပ်ခဲ့သလို လေယာဉ်တွေလည်း နယ်စပ်တစ်လျှောက် ပျံသန်းခဲ့တာ ရှိခဲ့တယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ လိုင်ဇာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပထမဆုံး ဗုံးကြဲသံ သုံးချက်လောက်ကြားတယ်။ ပြီးမှ လေယာဉ်သံကြားရတယ်။ လေယာဉ်လည်း တော်တော်ဝဲတယ်။ ဘယ်ဘက်တွေမှာ ကျတာလဲတော့ မသိဘူး။ လိုင်ဇာနဲ့ နည်းနည်းတော့ ဝေးတယ်ထင်တယ်။ တရုတ်ဘက်လည်း သတိပေးပစ်တာ အချက် ၁၀ ချက်မကဘူး။ တရုတ်လေယာဉ်တွေလည်း ဝဲတယ်”

ဒီအခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

လိုင်ဇာမြို့အနီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘယ်နေရာတွေ ထိခိုက်ပျက်စီးခဲ့လဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

ဖားကန့်မြို့ပေါ်က စစ်ကောင်စီဗျူဟာအတွက် လုံခြုံရေးအရ အရေးကြီးတဲ့ လမောင်ကုန်း ဗျူဟာတပ်နဲ့ တောမှော်စစ်ကောင်စီတပ်ကို KIA က ဩဂုတ်လ ၁၅ နေ့မှာ သိမ်းယူခဲ့တာပါ။

ကမ္ဘာကျော် ကျောက်စိမ်းတွေထွက်တဲ့ ဖားကန်မြို့ရဲ့ အဝင် အထွက် လမ်းပိုင်းတွေကို အခုနှစ်ဆန်းပိုင်းကစပြီး KIA က ထိန်းချုပ်ထားသလို လက်ရှိအချိန်အထိ ဖားကန့်မြို့မှာ စစ်ကောင်စီတပ်စခန်း ငါးခုပဲ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

အခုနှစ်ဆန်းပိုင်းကစလို့ ကချင်ပြည်နယ်အတွင်း ဒေါ့ဖုန်းယန်၊ လွယ်ဂျယ်၊ မြို့လှ၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်နဲ့ ဆဒုံးမြို့ စတဲ့ မြို့ တွေအပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း နှစ်ရာကျော်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။