မိုးဗြဲမှာ မိုင်းနင်းမိလို့ ကလေးငယ်သုံးဦး ဒဏ်ရာရ
2022.11.28

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့အထွက်မှာ နိုဝင်ဘာလ ၂၇ ရက် မနေ့နေ့လယ် ၁၂ နာရီခန့်က ကလေးငယ် သုံးဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒဏ်ရာရ ကလေးငယ်တွေကို ကူညီပေးခဲ့တဲ့ Mobye Rescue Team တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီ ကလေးငယ်တွေဟာ မိုးဗြဲ ပရဟိတကျောင်းကဖြစ်ပြီး မြို့ပြင်ဘုရား တောင်ဘက်ကို သွားရောက်လည်ပတ်ရင်း မိုင်းနင်းမိခဲ့တာလို့ Mobye Rescue Team ရဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“ကလေးတွေက အသက်က ၁၂ နှစ်အရွယ်၊ ၁၅ နှစ်အရွယ်နဲ့ ၁၆ နှစ်အရွယ်တွေပါ။ တစ်ယောက်က ဦးခေါင်းကို ထိခိုက်တယ်၊ နည်းနည်းစိုးရိမ်ရလို့ ဆေးရုံကိုပို့လိုက်တယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ခြေထောက်မှာ ထိတာပေါ့နော်။ အဖွဲ့ကနေပဲ ကုသပေးပြီး တော့ ပရဟိတကျောင်းကို ပြန်ပို့ပေးလိုက်တယ်”
ဒဏ်ရာရ ကလေးငယ်တွေကို တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး Mobye Rescue Team က သွားရောက်ကယ်ထုတ်ခဲ့ရတာလို့ ဆိုပါတယ်။
မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ မနေ့က ကလေးငယ်တွေ နင်းမိတဲ့မိုင်းဟာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းဖြစ်တယ်လို့ ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီတပ်ဟာ ဒေသအတွင်းကို စစ်ကြောင်းထိုးရာမှာ နင်းမိုင်းနဲ့တိုက်မိုင်းကို အဓိကအသုံးပြုလေ့ ရှိပြီး နေရာအတော်များများမှာတော့ နင်းမိုင်းကို ပိုမိုအသုံးပြု လေ့ရှိတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်ကလည်း မိုင်းအသုံးပြုတာရှိပေမယ့် မိုင်းထောင် ထားတဲ့နေရာတွေနဲ့ ပတ်သက်လို့ ပြည်သူတွေကို အသိပေးထားတာရှိတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဒီနေ့နေ့လယ်ပိုင်း တယ်လီဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူသတ်မိုင်းလို့ခေါ်တဲ့ Antipersonnel landmine တွေကို သုံးစွဲမှု ပိုတိုးလာနေတယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။