စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲမကြာခဏဖြစ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အဘောင်သားရွာက ဒေသခံ ဦးအေးခိုင် အိမ်ပြန်မလာတာကြောင့် ဇနီး ဖြစ်သူ ဒေါ်နန်လောင်ခမ်းက သွားရောက်ရှာရာမှာ ဩဂုတ်လ ၂၄ ရက်မနက်မှာ မိုင်းနင်းမိ ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဩဂုတ်လ ၂၄ ရက် မနက်ပိုင်းမှာ တောထဲမှာ မိုင်းပေါက်ကွဲပြီး ပွဲချင်းပြီး သေဆုံးသွား တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါ်နန်လောင်ခမ်းဟာ မိုင်းထိတဲ့ဒဏ်ကြောင့် ခြေထောက်ပြတ်ထွက်ပြီး သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မိုင်းထိတာက ခြေထောက် နှစ်ဖက်လုံးပြတ်သွားတယ်။ ခန္ဓာကိုယ်နဲ့ လက်မှာလည်း ဒဏ်ရာပြင်းထန်တယ်"
ပေါက်ကွဲခဲ့တဲ့မိုင်းကို စစ်ကောင်စီတပ်က ထောင်ခဲ့တာလား၊ ရက္ခိုင့်တပ်တော် (AA) က ထောင်ခဲ့တာလား ဆိုတာတော့ ဒေသခံတွေအနေနဲ့ တိတိကျကျ မသိရသေးသလို RFA အနေနဲ့လည်း သီးခြား အတည်မပြု နိုင်သေးပါဘူး။
မိုင်းနင်းမိပြီး သေဆုံးသွားတဲ့ အသက် (၄၃) နှစ်အရွယ် ဒေါ်နန်လောင်ခမ်းရဲ့ အလောင်းကို ရွာနဲ့ တစ်ဖာလုံခွဲခန့် ဝေးတဲ့ ချောင်းတစ်ဖက်ကမ်းမှာ ပြန်တွေ့ခဲ့ပြီး ဒီနေ့မှာပဲ မြေမြှုပ် သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါ်နန်လောင်ခမ်းရဲ့ အမျိုးသား ဦးအေးခိုင်ဟာ အဘောင်သားရွာ မူလတန်း (လွန်) ကျောင်းက ကျောင်းအုပ် ဆရာကြီးဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့က ရွာအနီးမှာ မျှစ်သွားချိုးရာကနေ အိမ်ပြန်ရောက်မလာတာလို့ ဒေသခံတွေက ပြောပါတယ်။
အခုလက်ရှိ ပလက်ဝမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။