လားရှိုးမြို့အုပ်ချုပ်ရေးကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း MNDAA ကြေညာ
2024.07.26
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အုပ်ချုပ်ရေးကို ကိုးကန့်တပ်မတော် (MNDAA) က ဆောင်ရွက်သွားမယ်လို့ ဇူလိုင်လ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေကို မြို့တွင်းကနေ မြို့ပြင်ကို တိုက်ထုတ်နိုင်ခဲ့ကြောင်း၊ လားရှိုးမြို့ လုံးဝလွတ်မြောက်သွားပြီလို့ဆိုပါတယ်။
ကျန်နေသေးတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း လိုက်လံချေမှုန်းနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြို့အုပ်ချုပ်ရေးကို အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီ၊ မြို့လုံခြုံရေးကို အထူးဒေသ ၁ ရဲ နဲ့ ကာကွယ်ရေးကို MNDAA တပ်တွေက ဆောင်ရွက်သွားမယ်လို့လည်း ရေးသားထားပါတယ်။
လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်ရေးကော်မတီကို တည်ထောင်လိုက်ပြီး တိုက်ပွဲတွေအပြီးမှာ အုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တာဝန်ယူလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
အရင်ကတည်းက လားရှိုးမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေ၊ ဆရာဆရာမတွေနဲ့ ဆရာဝန်တွေအနေနဲ့ တာဝန်ပြန်လည်ထမ်းဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။
MNDAA တပ်ဖွဲ့ဝင်တွေအနေနဲ့ ထုတ်ပြန်ထားတဲ့အမိန့်တွေကို လိုက်နာဖို့နဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေကို သိမ်းယူတာတွေလုပ်ပါက ထိရောက်စွာအရေးယူမယ်လို့လည်း ရေးသားထားပါတယ်။
အရပ်သားတွေအနေနဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို ကြောက်လန့်စရာမလိုဘဲ ဆိုင်တွေဆက်လက်ဖွင့်နိုင်ကြောင်းနဲ့ မူလနေထိုင်သလို အမြန်ဆုံးပြန်လည်နေထိုင်ကြဖို့လည်း တိုက်တွန်းထားပြီး အခက်အခဲရှိပါက အကူညီတောင်းဖို့ ဖုန်းနံပါတ်တွေလည်း ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကို ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားခြင်းမရှိသလို စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ဇူလိုင်လ ၂၅ ရက်နေ့က လားရှိုးမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA ကသိမ်းယူနိုင်တယ်လို့ ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပါတယ်။